ယုံကြည်မှုမြင့်မားလာသော်လည်း အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟုပြောဆိုရန် စောလွန်းနေသေးကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ဖွင့်ဟ

မန်ယူနည်းပြ တန်ဟက်ဂ်က မိမိတို့အသင်းမှာ ယုံကြည်မှုမြင့်မားလာသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည်ဟု ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ မန်ယူအသင်းသည် ဇန်နဝါရီ (၃)ရက်က ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘုန်းမောက်အသင်းအား အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် (၃-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ယင်းနိုင်ပွဲမှာ မန်ယူအသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအလွန် (၄)ပွဲဆက်တိုက်အနိုင်ရရှိခဲ့ခြင်းဖြစ်သလို၊ ပြိုင်ပွဲစုံနောက်ဆုံး (၁၆)ပွဲတွင် (၁၃)ပွဲအထိ အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။ မန်ယူအသင်းသည် အဆိုပါနိုင်ပွဲကြောင့် ယခုရာသီ ပရီးမီးယားလိဂ် (၁၇)ပွဲ ကစားပြီးချိန်တွင် ရမှတ် (၃၅)မှတ်ဖြင့် အဆင့် (၄)နေရာ ရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်း (၄၄ မှတ်)နှင့် (၉) မှတ်သာ ကွာဟတော့သည်။ မန်ယူအသင်း၏ လက်ရှိခြေစွမ်းမှာ အကောင်းဆုံးအနေအထားတွင် ရှိနေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်ပတ်သက်ပြီး ပြောဆိုမှုများကို တန်ဟက်ဂ်က ပယ်ချခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က “ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် ကြီးမားခြေလှမ်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ပွဲချင်းစီကို ချဉ်းကပ်ရမှာဖြစ်ပြီး အခုထက်တိုးတက်ဖို့ ကြိုးစားရမှာပါ။ အသင်းရဲ့ ယုံကြည်မှုဟာ မြင့်မားလာပြီး ဒါက ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ခံစားမှုလည်း အရင်ကထက် ပိုကောင်းလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တိုင်းမှာ (၁၀၀)ရာခိုင်နှုန်း ပေးဆပ်ကစားရမယ်၊ (၁၀၀)ရာခိုင်နှုန်း စွမ်းအင်အပြည့်နဲ့ ကစားရမယ်၊ (၁၀၀) ရာခိုင်နှုန်း အာရုံစိုက်ထားရမယ်၊ (၁၀၀)ရာခိုင်နှုန်း အသင်းစိတ်ဓာတ်နဲ့ ကစားရမယ်ဆိုတာကို နားလည်ထားရမှာပါ။ ဒီ Philosophy ကိုသာ ကျွန်တော်တို့ လက်ကိုင်ထား ကြိုးစားမယ်ဆိုရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ပွဲတွေအများကြီး ကစားရဦးမှာဖြစ်ပြီး အခုမှ ဇန်နဝါရီပဲ ရှိသေးလို့ ရာသီတစ်ဝက်တောင် မကျိုးသေးပါဘူး” ဟု ပြောကြားခဲ့သည်။