တိုက်စစ်မှူး အောင်သူ လမ်ဖွန်အသင်းတွင် ကျောနံပါတ် ၂၁ ဝတ်ဆင်ကစားမည်ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် ထိုင်းလိဂ်-၃ ကလပ် မေဂျိုယူနိုက်တက်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားခွင့် ရရှိ

မြန်မာတိုက်စစ်ကစားသမားဖြစ်သူ အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းတွင် ကျောနံပါတ် ၂၁ ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်သူသည် လမ်ဖွန်အသင်းသို့ ရောက်ရှိပြီးနောက် ပထမဆုံးပွဲအဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းလိဂ်-၃ ကလပ် မေဂျိုယူနိုက်တက်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားခွင့် ရရှိခဲ့ကြောင်း သိရသည်။ အောင်သူသည် ယင်းခြေစမ်းပွဲတွင်မူ ကျောနံပါတ် ၁၆ ကို ဝတ်ဆင်ကစားသွားခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သလို (၁-၁) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။ အောင်သူသည် ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကလပ်အသင်းများသို့ သွားရောက်ကစားနေသူဖြစ်ပြီး ယခုလမ်ဖွန်အသင်းသို့ ပြောင်းရွှေ့မှုမှာ ထိုင်းကလပ်အသင်း ၄ သင်းမြောက်သို့ ပြောင်းရွှေ့ကစားခြင်း ဖြစ်ကြောင်း သိရသည်။ အောင်သူသည် ထိုင်းကလပ်အသင်းများဖြစ်သည့် Police Tero အသင်းတွင် ကျောနံပါတ်(၁၀) ၊ မြောင်တောင်အသင်းတွင် ကျောနံပါတ်(၉)၊ ဘူရီရမ်အသင်းတွင် ကျောနံပါတ်(၇၇) ဝတ်ဆင်းကစားခဲ့သည်။ အောင်သူသည် ၂၀၁၈ ခုနှစ်တွင် ထိုင်းလိဂ် -၁ ကလပ် Police Tero အသင်း၊ ၂၀၁၉ ခုနှစ်တွင် ထိုင်းလိဂ်-၁ ကလပ် မြောင်တောင်ယူနိုက်တက်၊ ၂၀၂၀ နှစ်ကုန်ပိုင်းမှ ၂၀၂၂ နှစ်ကုန် ပိုင်းအထိ ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်ယူနိုက်တက်အသင်းတို့တွင် ပါဝင်ကစားခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းက ဘူရီရမ်အသင်းနှင့် လမ်းခွဲကာ လမ်ဖွနါအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လက်ရှိ လမ်ဖွန်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေသူမှာ ဘရာဇီးလ်လူမျိုး အလက်ဇန္ဒားဂါမာ ဖြစ်သည်။ နည်းပြ အလက်ဇန္ဒားဂါမာသည် ဘူရီရမ်အသင်းတွင် အောင်သူနှင့် လက်တွဲခဲ့သူဖြစ်ပြီး ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဘူရီရမ်အသင်းနှင့် လမ်းခဲ့ကာ တောင်ကိုရီးယားကလပ် ဒေဂူးအသင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ ထို့နောက် အလက်ဇန္ဒားဂါမာသည် ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်းကို ကိုင်တွယ်ရန် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူ၏ ကစားသမားဟောင်း ဖြစ်သူ အောင်သူကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လမ်ဖွန်အသင်းတွင် မြန်မာ့လက်ရွေးစင်တောင်ပံ တိုက်စစ်ကစားသမားမောင်မောင်လွင် ကစားနေသောကြောင့် မြန်မာကစားသမားနှစ်ဦး ရှိလာပြီဖြစ်သည်။