ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန် စည်းမျဉ်းများ ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့များ ဖြစ်သည့် ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် မြို့ခံများ လုပ်ငန်းခွင်ပြန်ဝင်နေပြီဖြစ်

တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့နှစ်မြို့ဖြစ်သည့် ပေကျင်းနှင့် ရှန်ဟိုင်းတို့သည် COVID-19 ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးဆီသို့ ဦးတည်လာခြင်းနှင့်အတူ ဒီဇင်ဘာ ၂၆ ရက်က မြေအောက်ရထားများပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ခရီးဝေးအလုပ်ဆင်းသူများနှင့် ပြည့်နှက်နေခဲ့သည်။ တရုတ်နိုင်ငံ တစ်ဝန်းတွင် လူသန်းနှင့်ချီကာ ဗိုင်းရပ်စ်ကူးစက်မှုခံထားရသည်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် တင်းကျပ်သော အစီအမံများကို သုံးနှစ်ကြာ ကျင့်သုံးခဲ့ပြီးနောက် ဆန္ဒပြမှုများ၊ ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လာမှုများနှင့် ရင်ဆိုင်နေရစဉ်တွင် သမ္မတရှီကျင်းပင်သည် ကိုဗစ်ကင်းစင်ရေးမူဝါဒကို စွန့်ခွာ ခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက်အထိ ခြောက်ရက်ကြာ လူအသေအပျောက် မရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန် ခဲ့ခြင်းသည် အမှန်တကယ် သေဆုံးသူအရေအတွက်ကို ထင်ဟပ်မှုမရှိမည်ကိုနှင့် တရုတ်၏ထိခိုက်မခံသော ကျန်းမာရေးစနစ် ဝန်ပိလာသလားဆိုသည့်အပေါ် ပြည်သူများနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။ မူဝါဒအပြောင်းအလဲ ရုတ်ခြည်းလုပ်ဆောင်ခဲ့သည့်အပေါ် အံ့အားသင့်မှုကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းမြို့ခံများသည် ရောဂါအခြေအနေနှင့် ရင်ဆိုင်နေရ၍လည်းကောင်း ရောဂါကူးစက် မည်ကို စိုးရိမ်၍လည်းကောင်း သီတင်းပတ် အနည်းငယ်လောက် နေအိမ်၌သာ နေထိုင်ခဲ့သော်လည်း လက်ရှိတွင် ပုံမှန်နေထိုင်မှုပုံစံသို့ ပြန်ရောက်လာဖွယ်ရှိသည့် လက္ခဏာများကို မြင်တွေ့လာရသည်။ ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် မြေအောက်ရထားများပေါ်၌ ခရီးသည်များဖြင့် ပြည့်နှက်လျက်ရှိကာ ၎င်းမြို့နှစ်မြို့၏ အဓိက ယာဉ်လမ်းကြောင်းအချို့တွင်လည်း ဒီဇင်ဘာ ၂၆ ရက်က ပိတ်ဆို့မှုများဖြစ်ပေါ် ခဲ့ကာ မော်တော်ယာဉ်များသည် ဖြည်းဖြည်းချင်းသာ ရွေ့လျားနေခဲ့သည်ဟု သိရသည်။

“ကိုဗစ်ကပ်ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ အသင့်ပြင်ဆင်ထားပါတယ်။ လော့ဒေါင်းချတာတွေဟာ ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး” ဟု အသက် ၂၅ နှစ်အရွယ် ရှန်ဟိုင်းမြို့ခံတစ်ဦးဖြစ်သူ လင်းကျီရှင်းက ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုများ တစ်မုဟုတ်ချင်း မြင့်တက်လာမည်ကို ထိန်းချုပ် ရန်အတွက် လူဦးရေ ၂၅ သန်းနေထိုင်ရာ ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်ရှန်ဟိုင်းမြို့သည့် တင်းကျပ် သော လော့ဒေါင်းချမှုအောက်တွင် နှစ်လကြာ နေထိုင်ခဲ့ရသည်။

ရှန်ဟိုင်းမြို့၏ လမ်းမများသည် စည်စည်ကားကား ရှိနေခဲ့ပြီး အပြင်ထွက်သူ အလွန်နည်းပါးခဲ့သည့် ဧပြီလနှင့် မေလထဲက အခြေအနေနှင့် နှိုင်းယှဉ်ပါက သိသိသာသာကွာခြားလျက်ရှိသည်။ ကူးသန်း ရောင်းဝယ်ရေး အချက်အချာ နေရာတစ်ခုဖြစ်သည့် The Bund အရပ်တွင်လည်း နှစ်စဉ်ပြုလုပ်လေ့ရှိသော ခရစ္စမတ်စျေးပွဲတော်တွင် လာရောက်သူများနှင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်။ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရာ ဆောင်းရာသီကာလတွင် ရှန်ဟိုင်းဒစ္စနေလန်းနှင့် ပေကျင်းရှိ ယူနီဗာဆယ်စတူဒီယိုတို့တွင် ဒီဇင်ဘာ ၂၅ ရက်က လူစည်ကားလျက်ရှိခဲ့သည်။ နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ရှိ ရှုခင်းကြည့်နေရာများသို့ လာရောက်လည်ပတ်သူ ဦးရေသည်လည်း ယခင်တစ်ပတ်နှင့်စာလျှင် သိသိသာသာတိုးလာခဲ့သည်။