ဆွစ်ဇာလန် တင်းနစ်ပြိုင်ပွဲတွင် ချီလီနိုင်ငံသား နီကိုလက်စ်ဟာရီ ဗိုလ်စွဲ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲမှာ ချီလီနိုင်ငံသား နီကိုလက်စ်ဟာရီဟာ ဘူဂေးလ်ရီးယားနိုင်ငံသား ဂရီဂေါ် ဒီမီထရော့ဗ်ကို ၇-၆ (၁)၊ ၆-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာကြောင့် မေလ ၂၇ ရက်နေ့က ချန်ပီယံဆုကို ရရှိသွားပါတယ်။
ပထမအကျော့မှာ ဒီမီထရော့ဗ်အနေနဲ့ လက်စွမ်းပြကစားနိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဟာရီကသာ ပွဲစဉ် ၂ ပွဲစလုံးကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။
ဒီချီလီနိုင်ငံသားရဲ့ စပေးရိုက်ချက်ပေါင်း ၃၇ ချက်မှာ ၃၃ ချက်အထိ အမှတ်ရရှိခဲ့တဲ့အတွက် ၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဟာရီဟာ ဒီမီထရော့ဗ်ကို အနိုင်ရရှိဖို့အတွက် ၁ နာရီနဲ့ ၃၆ မိနစ်ကြာ ကစားခဲ့ရပြီး ဒါဟာ သူ့အတွက် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးဖိုင်နယ်ပွဲစဉ်လည်း ဖြစ်ပါတယ်။
ဂျနီဗာပြိုင်ပွဲဟာ ဟာရီအတွက် ဒီရာသီအတွင်း ဒုတိယမြောက် ချန်ပီယံအောင်မြင်မှု ဖြစ်သလို ချီလီနိုင်ငံက ဆန်တီယာဂိုပြိုင်ပွဲမှာပါ အနိုင်ရရှိထားပါတယ်။
တစ်ရက်တည်းမှာပဲ လိုင်ယွန်အိုးပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အတွင်း ကမ္ဘာ့အဆင့် ၁၁၂ နေရာက ပြင်သစ်နိုင်ငံသား အာသာဖီးစ်ဟာ ကမ္ဘာ့အဆင့် ၂၈ နေရာ က အာဂျင်တီးနားနိုင်ငံသား ဖရန်စ္စကို ဆီရွန်ဒိုလိုကို ၆-၃၊ ၇-၅ ရလဒ်နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိသွားတာကြောင့် ပထမဆုံးသော ATP Tour ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
လာမယ့်ပြင်သစ် အိုးပင်းပြိုင်ပွဲမှာတော့ ဖီးစ်ဟာ စပိန်နိုင်ငံသား အလီဟန်ဒရို ဒါဗီဒိုဗစ်ခ်ျ ဖော်ကီနာနဲ့ အဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားသွားရမှာပါ။ #dvb