ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ မက်ဂရီဂေါ်တို့ ရန်ပွဲကြောင့် ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခံရ

မက်ဂရီဂေါ်ကို အနိုင်ရခဲ့တဲ့ UFC 229 ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ မက်ဂရီဂေါ်တို့ကို ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့က ထိုးသတ်ခဲ့ကြတဲ့ UFC 229 သိုင်းပေါင်းစုံပွဲစဉ်မှာ ခါဘီနာမာဂိုမီဒေါ့ဗ်က ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီး လိုက်ဝိတ်ရွှေခါးပတ်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ခါဘီနာမာဂိုမီဒေါ့ဗ်ဟာ မက်ဂရီဂေါ်ကို အနိုင်ရပြီးနောက် သံဇကာပေါ် ကျော်တက်ပြီး မက်ဂရီဂေါ်ရဲ့ အဖွဲ့ဝင်တွေနဲ့ တွန်းထိုးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွက် လက်စ်ဗီးဂတ်စ်မြို့က ကြားနာပွဲကို ကစားသမားနှစ်ယောက်လုံး လာရောက်ခဲ့ခြင်းမရှိပါဘူး။ နီဗားဒါးပြည်နယ်အားကစားကော်မရှင် ဥက္ကဋ္ဌ အန်သိုနီမာနေးက ခါဘီနာမာဂိုမီဒေါ့ဗ်ကို ပွဲပယ်ပြစ်ဒဏ် ၉ လနဲ့ ဒဏ်ငွေ ပေါင် ၃၈၀၀၀၀ ချမှတ်ခဲ့ပြီး မက်ဂရီဂေါ်ကို ပွဲပယ်ပြစ်ဒဏ် ၆ လနဲ့ ဒဏ်ငွေ ပေါင် ၃၈၀၀၀ ချမှတ်ခဲ့ပါတယ်။

မက်ဂရီဂေါ်ဟာ ဧပြီလ ၆ ရက်နေ့နောက်ပိုင်းမှ ပွဲထိုးသတ်ခွင့် ရရှိမှာဖြစ်ပြီး ခါဘီနာမာဂိုမီဒေါ့ဗ်ကတော့ ဇွန်လ ၂၅ ရက်နေ့ကျမှ ပွဲထိုးသတ်ခွင့် ရရှိမှာပါ။ ရုရှားကိုယ်ခံပညာရှင် ခါဘီနာမာဂိုမီဒေါ့ဗ်ဟာ ပွဲပယ်ပြစ်ဒဏ် ၃ လ လျှော့ချဖို့အတွက် အနိုင်ကျင့်မှုဆန့်ကျင်ရေး လူထုအကျိုးပြုကြေညာချက် ထုတ်ပြန်ရမှာဖြစ်ပါတယ်။ သံဇကာပေါ်ကျော်တက်ပြီး မက်ဂရီဂေါ်ကို ထိုးကြိတ်ခဲ့ကြတဲ့ ခါဘီရဲ့ အသင်းဖော် အဘူဘာကာနဲ့ ဇူဘိုင်ရာတို့ကိုလည်း ပွဲပယ်ပြစ်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ပြီး ဒဏ်ငွေ ပေါင် ၁၉၀၀၀ စီ ချမှတ်ခဲ့ပါတယ်။ ခါဘီရဲ့ မန်နေဂျာကတော့ အခုပြစ်ဒဏ်အတွက် မကျေနပ်ဘူးလို့ ဆိုပါတယ်။

 

—Ref: Skysports