ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှု ထူးခြားမည်မထင်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုသည် ထူးခြားမှုရှိမည်မထင်ကြောင်း အရေးကြီးအဆိုကို ကန့်ကွက် ခဲ့သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။ ဇန်နဝါရီ ၃၀ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးမစတင်မီ ၎င်းက သတင်းထောက်များအားယင်းသို့ ပြောကြားသည်။ ဗိုလ်မှူးချုပ် မောင်မောင်သည် ပြည်ထောင်စုလွှတ်တော်၌ ဒီချုပ်အမတ် ဦးအောင်ကြည်ညွန့်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုတင်သွင်းသည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့်မညီဟု ဆိုကာ ကန့်ကွက် ခဲ့သည်။

‘‘အရင်သက်တမ်းတုန်းကလည်း လုပ်ခဲ့တာပါပဲ။ ဟုတ်တယ်မို့လား။ အရင်သက်တမ်း တုန်းကလည်း လုပ်ခဲ့တာ သိပ်တော့လည်း ထူးခြားမယ်တော့မထင်ပါဘူး’’ဟု​ ၎င်းက ပြောသည်။ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ရန် ကြိုးစားခဲ့သည်။ သို့သော် ယင်းအချိန်က ပုဒ်မ ၅၉ (ဃ)ရှိ စကားရပ် တစ်ခုကိုသာ ပြင်ဆင် နိုင်ခဲ့ပြီး ကျန်ပုဒ်မများ ပြင်ဆင် နိုင်ခြင်းမရှိပေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းအတိုင်း လုပ်မည်ဆိုပါက ပြင်ဆင်၍ရကြောင်း ဗိုလ်မှူးချုပ်မောင်မောင်ကပြောသည်။ ‘‘ကျွန်တော်တို့ကပဲ မပြင်ချင်တဲ့ပုံစံဖြစ်အောင် လုပ်နေတာတော့ မကောင်း ဘူးပေါ့လေ။ အဲဒါကြောင့်မို့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်တယ်ဆိုရင် သူ့ဟာ သူ ပြင်လို့ရပါတယ်။ လုပ်ထုံးလုပ် နည်းအတိုင်း လုပ်စေချင်တာလေး တစ်ခုပါပဲ’’ဟု ၎င်းက ဆိုသည်။

လုပ်ထုံးလုပ်နည်းအပေါ် လက်မခံခြင်းမှာ မည်သည့်အရာကို စိတ်ပူပါသနည်းဟု သတင်းထောက်၏ မေးမြန်းချက် အပေါ် ဗိုလ်မှူးချုပ် မောင်မောင်က ‘‘ကျွန်တော်တို့ စိတ်ပူတာက…ဟို စိတ်ပူ တာရယ်လို့တော့ မဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်စေချင်တာပဲ။ ကျန်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် လေ ကျွန်တော်တို့အနေနဲ့က တော့ လိုအပ်တာကို ထောက်ပြ ပြောပြ၊ လုပ်ထုံး လုပ်နည်းနဲ့ အညီလုပ်ဖို့ ဒါပဲပြောနေတာဖြစ် တယ်’’ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ် လွယ်နှင့် ယိုင်နဲ့မသွားအောင် လုပ်ရမည်ဟုဆို

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် တပ်မတော်ပါဝင်ခြင်းမရှိလျှင် ပြင်ဆင်၍ မရကြောင်း ပြောနေသည်မှာ သာမန်အားဖြင့် ပြောနေခြင်းသာ ဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။ သို့သော် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို လွယ်လွယ်နှင့်ယိုင် နဲ့မသွားစေရန် လုပ်ရမည်ဟု ၎င်းကဆိုသည်။ ‘‘ဒါ ပြင်လို့မရတဲ့ ဥပဒေကြီးပဲ ဆိုတာမဟုတ်ပါဘူး။ ပြင်လို့ရပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကတော့ နိုင်ငံရဲ့ တကယ့်တည်တံ့ ခိုင်မြဲဖို့ လုပ်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒါကိုတော့ လွယ်လွယ်နဲ့ယိုင်နဲ့မသွား အောင်တော့၊ ခိုင်ခိုင်မာမာ ဖြစ်အောင်တော့ လုပ်ရတာပေါ့ဗျာ။ ဒါကြောင့်မို့လည်း လုပ်ငန်းစဉ် အဆင့်ဆင့်လေးတွေ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ပြီးမှပြင်ရမှာပေါ့’’ဟု ၎င်းကဆက်လက်ပြောသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့်အခါ ရေရှည်ကြည့်ရန် လိုအပ်ပြီး လောလောဆယ် လိုအပ်သည့်အရာကိုသာ ရမ်းလုပ်၍မရကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ဆိုသည်။

လွှတ်တော်တွင် မဲများရာ အနိုင်ရ နေ၍ မဖြစ်သင့်သည့်ကိစ္စများ မဖြစ်ရန် လုပ်ဆောင်မည်ဟုဆို

လက်ရှိ လွှတ်တော်ထဲတွင် တပ်မတော်သားများ ပါဝင်သည် ဆိုသော်လည်း မဲများရာ အနိုင်လုပ်နေကြခြင်း ဖြစ်ကြောင်း တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် ကဝေဖန်သည်။ ယင်းကဲ့သို့ လုပ်နေသဖြင့် အချို့ကိစ္စများတွင် မဖြစ်သင့်သည့် ကိစ္စရပ်များ ပါ သွားကြောင်း ဆိုသည်။

ထို့ကြောင့် လက်ရှိ ပြင်ဆင်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများတွင် ထိုကဲ့သို့ မဖြစ်သင့် သည့် ကိစ္စရပ်များ မဖြစ်စေရန် လုပ်ဆောင်ရမည်ဟု  ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက လုပ်ထုံးလုပ်နည်းနှင့်မညီဟု ကန့်ကွက်ခဲ့သော်လည်း ယင်းအဆိုကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၄ မဲဖြင့် အနိုင်ရရှိခဲ့သည်။ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ကမူ မဲမပေးခဲ့ပေ။