နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ရာတွင် ယခုအခါ ထိုက်သင့် သည့် တိုးတက်မှုရှိလာပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ရာတွင် ယခုအခါ ထိုက်သင့် သည့် တိုးတက်မှုရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ မကွေးတိုင်းကြီးဒေသကြီး မြို့တော်ခန်းမ၌ နိုဝင်ဘာ ၂၈ ရက်က မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိအနေဖြင့် ယခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးသို့ ဒုတိယအကြိမ်ရောက်ရှိခြင်းဖြစ်ပြီး ယခင်ကထက် သိသိသာသာတိုးတက်မှုရှိလာသည်ကို အားရဖွယ်တွေ့မြင် ရကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် တင်ပြချက်များအရ လုပ်ငန်းများ တိုးတက်မှုရှိစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးတင်ပြကြသည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် အခြေအနေကောင်းကို ဖန်တီးရန်နှင့် မိမိတို့ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကောင်းမွန် တိုးတက်မှသာလျင် စီးပွားရေးလုပ်ငန်းများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သယံဇာတပစ္စည်းများမှထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှ ထုတ်လုပ်ခြင်း ဟူ၍ရှိကြောင်း၊ ကုန်စျေးနှုန်းမြင့်တက်ရခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ ကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့်စားသုံးမှုနှင့် ထုတ်လုပ်မှုကို မျှတအောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြကြောင်း၊ မြို့ပြ၌နေထိုင်ကြသူများအနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အဓိကကျကြောင်း၊ ယင်းလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် အခြေခံကျသည့် ကျေးလက်စီးပွားရေးကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးတိုးတက်လာပါက ဝယ်လိုအားတက်လာပြီး လူမှုစီးပွားဘဝတိုးတက်လာစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စနစ်ကျသည့် စိုက်ပျိုး မွေးမြူ ရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စိတ်ပါဝင်စားမှုနည်းပါးကြကြောင်း၊ ယခင်ကပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခြင်းမရှိခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့တာဝန်ယူချိန် ကာလမှစတင်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ထိုက်သင့်သလောက် တိုးတက်မှုမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့်လည်း စက်သုံးဆီစျေးနှုန်းများ မြင့်တက် ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့အနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးပမ်းဆောင်ရွက် ခဲ့ရာ ယခုအခါထိုက်သင့်သလောက် တိုးတက်လာပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ချိန်တွင် မိမိတို့အနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ကျော်လွှား နိုင်ခဲ့ကြောင်း၊ အလားတူ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများ ကြောင့် ဆူပူအကြမ်းဖက်မှု များလည်း ဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထိုကဲ့သို့သော အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်ကြားမှ မကွေးတိုင်းဒေသကြီးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်မည်ဆိုပါက စီးပွားရေး လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင်မြင်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။