နိုင်ငံတော်ကာကွယ်ရေးမှာ စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ အမျိုးဘာသာ သာသနာပါ ပါဝင်ကြောင်း တပ်ချုပ်ပြော

နိုင်ငံတော်ကာကွယ်ရေး ဆိုသည်မှာ စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ တိုင်းပြည်၏ သယံဇာတများကို ကာကွယ်ခြင်း၊ ယဉ်ကျေးမှုအရ၊ လူမှုရေးအရ၊ အမျိုးဘာသာ သာသနာကို ကာကွယ်ခြင်းစသည်တို့ ပါဝင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ (၂၁) ရက်တွင် ဗထူးတပ်နယ် အားကစားခန်းမ၌ ဗထူးတပ်နယ်မှ သင်တန်းသားအရာရှိများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ပြောကြားခဲ့သည်။

13494750_1249258348441984_8813315706018200035_n

စစ်ရေးသက်သက်သည် ကျဉ်းမြောင်းသော အမြင်သာဖြစ်ပြီး ကာကွယ်ရေးအမြင်သည် များစွာကျယ်ပြန့်ကြောင်း တပ်ချုပ်ကပြောကြားသည်။

အမျိုးဘာသာ သာသနာ စောင့်ထိန်းမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်သော ထေရ၀ါဒ ဗုဒ္ဓ ဘာသာစစ်စစ်နိုင်ငံဖြစ်ပြီး လူဦးရေ ၈၅ ရာ ခိုင်နှုန်းကျော်သည် ဗုဒ္ဓဘာသာဝင်များဖြစ်၍ ပရိယတ္တိ၊ ပဋိပတ္တိ နှံ့စပ် ကျွမ်းကျင်သူ ရဟန်းရှင်လူများစွာရှိကြောင်း၊ ကမ္ဘာပေါ်တွင် ထိုသို့နိုင်ငံမျိုးမှာ ရှားပါးပြီး ဗုဒ္ဓဘာသာနိုင်ငံ အချို့ ကပင် မိမိတို့နိုင်ငံမှ ပြန်လည်လေ့လာသင်ယူနေကြရကြောင်း ၎င်းကပြောသည်။

ဘာသာရေးအစွန်းရောက်ခြင်းမဟုတ်ဘဲ မိမိအမျိုးဘာသာ သာသနာနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်လုပ်ဆောင်ကြရန်လိုပြီး မိမိတို့၏သားသမီးများကိုလည်း လက်ဆင့်ကမ်းအမွေအဖြစ် သင် ကြားပေးရန်လိုကြောင်း တပ်ချုပ်ကပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇွန်လ ၁၇ ရက်က တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းများမှ တပ်မှူးကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်းသားများကို တွေ့ဆုံရာ တွင် ကာကွယ်ရေးပိုင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သေးသည်။

ကာကွယ်ရေးပိုင်းနှင့် ပတ်သက်၍ စစ်ရေးအမြင်တစ်ခုတည်း ရှုမြင်၍မရကြောင်း၊ ကာကွယ်ရေးတွင် နယ်ပယ် များစွာကျယ်ပြန့်ကြောင်း၊ နိုင်ငံကိုထိခိုက်စေမည့်၊ ဒေသတွင်းကို ထိခိုက်စေမည့်၊ ကမ္ဘာကြီးကို ထိခိုက်စေမည့်ကိစ္စ ရပ်များကို ကာကွယ်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်သားများအနေဖြင့် စစ်ရေးသာမက ကာကွယ်ရေးတွင်ပါ တာဝန်ရှိကြောင်း၊ အမျိုးဘာသာ သာသနာ၊ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်ဓာတ် များသည် အရေးကြီးသည့် အချက်များဖြစ်ပြီး အဖျက်အဆီး မခံရ အောင်၊ မပျက်စီးအောင်၊ မထိခိုက်အောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သည်။

 

7 Day Daily


Leave a Reply