တရုတ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု တစ်ခုကြောင့် လူ ၁၀၀ နီးပါးသေဆုံး

fegt

တရုတ်နိုင်ငံတွင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်မှုကြောင့် လူ ၁၀၀ နီးပါးမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဂျီယန်ဆု ဒေသတွင် ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ရှားပါးအခြေအနေအဖြစ် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ လေဆင်နှာမောင်းကြောင့် လူ ၉၈ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ဆက်တွဲ ရာသီဥတု ဖောက်ပြန်မှုအဖြစ် မိုးသီးများ ကြွေကျခြင်း၊ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ခြင်းတို့ပါ ဖြစ်ပေါ်ခဲ့သည်။

ဆိုးရွားသည့် ရာသီဥတု အခြေအနေကြောင့် နေအိမ်များ၊ စက်ရုံများ ပျက်စီးခဲ့ပြီး ယန်ချန်းမြို့တွင် ကားများပါ လမ်းပေါ်မှ လွင့်ပါကုန်ကြောင်း Xinhua သတင်းဌာနက ဆိုသည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားနှင့် ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းများပါ ပြတ်တောက်ကုန်ကြောင်း တရုတ် ပြည်သူ့ရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၈၀၀ ခန့် ဒဏ်ရာရခဲ့ပြီး ၂၀၀ ခန့်မှာ အခြေအနေ ဆိုးရွား ပြင်းထန်ကြောင်းလည်း သိရသည်။ ဘေဂျင်းမြို့တော်ရှိ တရုတ် ဗဟိုအစိုးရက လေဘေးသင့် ဒေသသို့ ရွက်ဖျင်တဲ ၁၀၀၀၊ အိပ်ရာလိပ် ၂၀၀၀နှင့် မီးမောင်းယူနစ်ကြီး ၁၀ ခုတို့ကို ချက်ချင်း ပို့ဆောင်ခဲ့သည်။ ဒေသဆိုင်ရာ အစိုးရကလည်း ပြန်လည်ထူထောင်ရေး ကဏ္ဍအတွက် လိုအပ်သော အထောက်အပံ့များ ပေးအပ်ထားကြောင်း Xinhuaက ဆိုသည်။

တရုတ်နိုင်ငံတွင် ပုံမှန်အားဖြင့် လေဆင်နှာမောင်းများ တိုက်ခတ်မှုသည် ရှားပါးသည့် အခြေအနေ တစ်ရပ်ဖြစ်သည်။ သာမန်အားဖြင့် တရုတ်ကဲ့သို့ အလွန်ကျယ်ပြန့်သည့် နိုင်ငံကြီး တစ်ခုလုံးတွင် တစ်နှစ်လျှင် ပျမ်းမျှ လေဆင်နှာမောင်း ၁၀ ခုမျှသာ ဖြစ်ပေါ်လေ့ ရှိသည်။ သို့သော် တရုတ်တွင် လေဆင်နှာမောင်းနှင့် ပတ်သက်၍ သတိပေး စနစ်များ အားနည်းခြင်း၊ လူဦးရေ ထူထပ်သိပ်သည်းခြင်းများကြောင့် လေဆင်နှာမောင်း ပြင်းထန်သည့်အခါ အသေအပျောက် ပိုမိုများပြားနိုင်ကြောင်းလည်း သိရသည်။

Ref: CNN


Leave a Reply