ဘရက်ဇစ်ကြောင့် ဗြိတိန်တွင် ဆရာဝန်လိုအပ်ချက်များ မြင့်တက်နေပြီး ဥရောပသမဂ္ဂတွင်လည်း ကျွမ်းကျင် နယ်ပယ် လေးခု၌ ဆရာဝန်တိုးလာမှု တန့်နေဟု လေ့လာချက်တစ်ခုတွင် ဖော်ပြ

ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံများမှ အဓိကအထူးပြုနယ်ပယ်များတွင် ခန့်မှန်းခြေဆရာဝန်လိုအပ်မှု ၄၀၀၀ ရှိနေခြင်း နှင့်တူ ဘရစ်ဇစ်က ဗြိတိန်တွင် ဆရာဝန်လိုအပ်ချက်ကို ပိုမိုဆိုးရွားစေခဲ့သည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန် ခဲ့သော လေ့လာချက်တစ်ခု၌ ဖော်ပြထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကြောင့် ဆေးရုံအချို့တွင် တက်ရောက်ကုသရန် စံတင်စောင့်ဆိုင်းစာရင်းများပြားနေခြင်းနှင့် ဆရာဝန်များနှင့်သူနာပြုများ ပြတ်လပ်နေခြင်း တို့နှင့်တူ နှစ်ပေါင်းများစွာ ဘဏ္ဍာရေးထောက်ပံ့မှု လျော့နည်းနေခဲ့ပြီးနောက် အစိုးရအထောက်ပံ့ခံကျန်းမာရေး ဌာနဖြစ်သည့် အကျပ်အတည်းဖြစ်ပေါ်နေသော ကျန်းမာရေးဝန်ကြီးဌာန ရုန်းကန်နေရချိန်တွင် ယခုလေ့လာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သီးခြားလွတ်လပ်သောကျန်းမာရေးအဖွဲ့ဖြစ်သည့် The Nuffield Trust သည် ဆေးပညာနယ်ပယ်လေးရပ်ကို အလေးထားခဲ့ရာ အဆိုပါနယ်ပယ်များမှာ မေ့ဆေးပညာ၊ ကလေးအထူးကုပညာ၊ နှလုံးခွဲစိပ်ပညာ၊ စိတ်ကျန်းမာရေး ပညာတို့ဖြစ်သည်။ အဆိုပါဆေးပညာနယ်ပယ်လေးရပ်မှာ အီးယူမှ ဗြိတိန်မထွက်ခွာမီ ဥရောပဆရာဝန်များကို အထူးသဖြင့် မှီခိုနေရသော နယ်ပယ်များဖြစ်သည်။ လူသစ်စုဆောင်းမှု စိန်ခေါ်မှုရှိနေသော အဆိုပါနယ်ပယ်လေးခု၌ အီးယူနှင့် EFTA (ဥရောပလွတ်လပ်ကုန်သွယ်ရေးအစည်းအရုံး)တို့တွင် ဝန်ထမ်းတိုးလာမှု နှေးကွေးသွားရာ ရည်မှန်း ထားသည့်တိုးပွားမှုအောက်ကို ကျဆင်းနေကြောင်း The Nuffield Trust ၏ လေ့လာချက်တွင် ဖော်ပြထား သည်။

ဘရက်ဇစ် ဆက်လက်မဖြစ်ပေါ်မီ မြင်ခဲ့ရသော အနေထားအတိုင်းဖြစ်နေမည်ဆိုပါလျှင် ၂၀၂၁ ခုနှစ်တွင် အီးယူ သို့မဟုတ် EFTA (နော်ဝေ၊ ဆွစ်ဇာလန်၊ အိုက်စလန်၊ လက်ချင်စတိန်း)တို့မှ ဆရာဝန် ၄၁၀၀၀  မှတ်ပုံတင်ထား သင့်သည် သို့မဟုတ် အနည်းဆုံးဆရာဝန် ၄၀၀၀ ကျော်ရှိထားသင့်သည်ဟု ဆိုသည်။ “အီးယူကိစ္စမဲဆွယ်စည်းရုံးမှုနဲ့ အီးယူ လူထုဆန္ဒခံယူပွဲရဲ့ရလဒ်တို့ဟာ ၂၀၁၅ နဲ့ ၂၀၁၆ တို့မှာ လမ်းကြောင်းအပြောင်းအလဲအတွက် သိသာတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်” ဟု ဂါးဒီးယန်းသတင်းစာက လုပ်ဆောင်စေခဲ့သော လေ့လာချက်တွင် ဖော်ပြထား သည်။

ကျန်းမာရေးစနစ်တွင် အလုပ်ခွင်အခြေအနေများ ယိုယွင်းမှု၊ ပိုမိုတင်းကျပ်လိုက်သော ဗီဇာစည်းကမ်းများ ရှိလာပြီးနောက် လူများ၏ရွှေ့ပြောင်းမှုအတွက် စည်းမျဉ်းစည်းကမ်းသစ်များနှင့်စပ်လျဉ်း၍ ကနဦးမရေရာမှုကို လေ့လာချက်က အသားပေးဖော်ပြထားသည်။ အထက်ပါနယ်ပယ်လေးခုတွင် အီးယူဆရာဝန်အရေအတွက် တိုးလာမှု တန့်နေခြင်းသည် ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အချင်းပြည့်မီသော ဝန်ထမ်းကို အလုံအလောက်ရှာနိုင်စွမ်းမရှိသည့် ယင်းနယ်ပယ်များ၌ လတ်တလောဖြစ်ပေါ်နေသော ချို့တဲ့မှုများကို ပိုမိုဆိုးရွား စေသည်ဟု လေ့လာချက်က ဆိုသည်။ သူနာပြုတော်ဝင်ကောလိပ်အနေဖြင့် ၎င်း၏ ၁၀၆ နှစ်ရှိသောသက်တမ်းတွင် ပထမဆုံးအနေဖြင့် ဒီဇင်ဘာလတွင် ၎င်း၏ သူနာပြုများ ပထမဆုံးဆန္ဒပြမည်ဟု မကြာမီက ကြေညာထားသည်။