ကမ္ဘာ့ဖလားတွင် ဘယ်လ်ဂျီယံက မော်ရိုကိုအသင်းကို ရှုံးပြီးနောက် ဘရက်ဆဲလ်၌ ဆူပူမှုများ ဖြစ်ပွား

ဘရက်ဆဲလ်မြို့လယ်တွင် ဘောလုံးအသင်းပရိသတ်များ၏ ဆူပူတိုက်ခိုက်မှုများကြောင့် ကသောင်းကနင်း အခြေအနေ များ ဖြစ်ပေါ်ခဲ့ရာ ရဲများက မီးသတ်ပိုက်၊ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲနှိမ်နင်းခဲ့ရသည်။ ပရိသတ် ဒါဇင်နှင့်ချီက ဆိုင်ပြတင်းတံခါးများကို ရိုက်ခွဲခြင်း၊ မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်း၊ ကားများကို မီးရှို့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ရပြီး အခြားတစ်ဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပွဲမပြီးသေးမှာပင် ခေါင်းစွပ်အင်္ကျီဝတ်ထားသူတချို့အပါအဝင် လူဒါဇင်များစွာက ရဲများနှင့် ထိပ်တိုက်တွေ့ရန် ကြိုးပမ်းခဲ့သည့်အတွက် အများပြည်သူ‌ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေခဲ့ကြောင်း ဘရက်ဆဲလ် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ပရိသတ်တချို့သည် တုတ်များ ကိုင်ထားပြီး မီးရှုးမီးပန်းများကြောင့် ဂျာနယ်လစ်တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ရဲဝန်ထမ်း ရာချီကို ဖြန့်ကြက်ခဲ့ရပြီး ဒေသခံများကိုလည်း မြို့၏ နေရာတချို့ကို မသွားဘဲ ရှောင်ကြဉ်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။ ဆူပူအကြမ်းဖက်မှုများ ထပ်မံမပျံ့နှံ့စေရန် မြေအောက်ရထား ဘူတာရုံများနှင့် လမ်းတချို့ကိုလည်း ပိတ်ခဲ့ရသည်။ ဆန္ဒပြသူများသည် ကားတစ်စီး၊ အမှိုက်ပုံးများနှင့် အီလက်ထရစ် စကူတာများကို မီးရှို့ခဲ့သည်ကို အေအက်ဖ်ပီ ဂျာနယ်လစ်တစ်ဦးက မြင်တွေ့ခဲ့သည်။

“ဒီ မွန်းလွဲပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် အပြင်းအထန်ဆုံး အသုံးအနှုန်းတွေနဲ့ ရှုတ်ချပါတယ်။ ရဲတွေက ဒီဖြစ်စဉ်တွေအပေါ် အခိုင်အမာ ကိုင်တွယ်ဖြေရှင်းထားပါတယ်။ အသင်းပရိသတ်တွေ မြို့လယ်ခေါင်ကို မလာဖို့ ကျွန်တော် အကြံပြုချင်တယ်။ ရဲတွေအနေနဲ့ အများပြည်သူ အမိန့်ညွှန်ကြားချက်ကို ထိန်းသိမ်းနိုင်ဖို့ သူတို့ လုပ်နိုင်သမျှ အစွမ်းကုန် လုပ်နေတယ်” ဟု ဘရက်ဆဲလ် မြို့တော်ဝန် ဖိလစ်ပီ ကလို့စ်က ပြောသည်။ “ပြဿနာ ဖန်တီးသူတွေကို ဖမ်းဆီးဖို့ ရဲတွေကို ညွှန်ကြားထားတယ်” ဟု ၎င်းက ပြောသည်။ ဘယ်လ်ဂျီယံတွင် လာရောက် အခြေချနေထိုင်သည့် မော်ရိုကိုလူမျိုး ၅၀၀,၀၀၀ ခန့် ရှိသည်။

(ကိုလူအေး ဘာသာပြန်သည်)