ဗြိတိန်က ယူကရိန်းထံ ပထမဆုံးအဖြစ် ရဟတ်ယာဉ်များ ပေးပို့မည်

ရုရှ၏ ကျူးကျော်စစ် စတင်ချိန်မှစပြီး ဗြိတိန်နိုင်ငံသည် ယူကရိန်းထံသို့ ပထမဆုံးအဖြစ် ရဟတ်ယာဉ်များ ပေးပို့မည်ဖြစ်ကြောင်း လန်ဒန်ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။  “ဗြိတိန်မှ ယူကရိန်းထံ လှူဒါန်းသော ပထမဆုံး ရဟတ်ယာဉ်များ” အတွက် ယူကရိန်းစစ်မှုထမ်းနှင့် အင်ဂျင်နီယာ ဆယ်ဦးအဖွဲ့က ဗြိတိန်တွင် သီတင်းခြောက်ပတ်ကြာ လေ့ကျင့်သင်တန်းဆင်းနေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုသည်။

ယူကရိန်းတို့ ပထမတစ်စင်း ရောက်ရှိထားပြီဖြစ်သည့် ဗြိတိသျှစစ်တပ်၏ Sea King ရဟတ်ယာဉ် သုံးစင်းအပြင် ဗြိတိန်နိုင်ငံအနေဖြင့် နောက်ထပ် လက်နက်ကြီးကျည် ၁၀,၀၀၀ ကိုလည်း ပံ့ပိုးသွားမည် ဖြစ်သည်။  “ယူကရိန်းအတွက် ကျွန်တော်တို့ရဲ့ ထောက်ပံ့ ပံ့ပိုးမှုဟာ တွန့်ဆုတ်ခြင်း မရှိဘူး၊ ဒီ လက်နက် ကြီးကျည်တွေကြောင့် ယူကရိန်းအနေနဲ့ မကြာသေးတဲ့ သီတင်းပတ်တွေမှာ ရုရှဆီက ပြန်လည်သိမ်းပိုက် နိုင်တဲ့ နယ်မြေတွေကို လုံခြုံစေမှာ ဖြစ်တယ်”ဟု ကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်က ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီ ဆူနတ်က ယခု စနေ၊ တနင်္ဂနွေတွင် ယူကရိန်းသို့ ရောက်ရှိခဲ့ပြီး ရုရှထံ အီရန် ထောက်ပံ့သော ဒရုန်းများကို တန်ပြန်ရန် လေယာဉ်ပစ်အမြှောက် ၁၂၅ လက်အပါအဝင် စစ်ရေးအကူအညီ ပေါင် သန်း ၅၀ (အမေရိကန်ဒေါ်လာ ၅၉ သန်း) ထပ်လောင်းကူညီမည်ဟု ကတိပြုသည်။  ဗြိတိန်သည် ယူကရိန်းစစ်သည်များအတွက် ဆောင်းတွင်းဝတ် စစ်ဝတ်စုံများ ထောက်ပံ့ပေးလျက်လည်း ရှိသည်။  သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများမှ ရုရှတပ်များကို မောင်းထုတ်ရေး ဆောင်းတွင်း၌ တိုက်ပွဲဝင် နေချိန် ယူကရိန်းတပ်များအနေဖြင့် အပူချိန် ကျဆင်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။  ဗြိတိန် ကာကွယ် ရေးဝန်ကြီး ဝေါလေ့စ်သည် ကာကွယ်ရေးဝန်ကြီးများ မြောက်ပိုင်းအုပ်စု အစည်းအဝေးအတွက် နော်ဝေသို့ သွားရောက်ချိန် ဗြိတိန်လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ပေါ် ရှိနေချိန် ယခု ကြေညာချက် ထွက်လာခြင်းပဲ ဖြစ်သည်။  အဆိုပါ ၁၂ နိုင်ငံပါ မြောက်ပိုင်းအုပ်စုသည် ဥရောပမြောက်ပိုင်း၌ ကာကွယ်ရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရန်အတွက် ရည်ရွယ်သော ဗြိတိန်နိုင်ငံက အစပြုသည့် လုပ်ငန်းစဉ်ပဲ ဖြစ်သည်။