သမ္မတ ထရမ့်ရဲ့ သမီး အိမ်ဖြူတော်မှာ ရုံးခန်းတနေရာ ယူမယ်

အမေရိကန်သမ္မတရဲ့သမီး အီဗန်ကာထရမ့်က အိမ်ဖြူတော်မှာ ရုံးခန်း တခန်း ယူမယ်လို့ အုပ်ချုပ်မှုဆိုင်ရာ အရာရှိက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး အချက်အချာနေရာဖြစ်တဲ့ အိမ်ဖြူတော် ရဲ့ အနောက်ဘက်ခြမ်းမှာ အီဗန်ကာ တယောက် ရုံးခန်းယူ ပြီး အလုပ်တာဝန်ထမ်းဆောင်မှာ ဖြစ်ပေမယ့် တရားဝင် ရာထူး တခုခုယူမှာ မဟုတ်သလို လစာလည်း ခံစားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အီဗန်ကာဟာ နိုင်ငံရဲ့ ထိပ်ထိန်းလျှို့ဝှက် စာရွက် စာတမ်း တွေကိုလည်း ကြည့်ရှုခွင့်ရမှာဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိက အတည်ပြုပါတယ်။

အီဗန်ကာဟာ သမ္မတထရမ့်ရဲ့ မျက်လုံးနဲ့ နားအဖြစ် ကျယ်ပြန့်တဲ့ လုပ်ငန်းဆောင်တာတွေကို တာဝန်ယူ ရမှာဖြစ်ပြီး သူမရဲ့ ရှေ့နေကတော့ အီဗန်ကာကို နိုင်ငံရေးစိတ်ဓာတ် ထက်သန်သူအဖြစ် ညွှန်းဆိုဖူး ပါတယ်။
ကိုယ်ပိုင်နာမည် ဖက်ရှင်အမှတ်တံဆိပ်နဲ့ ဒီဇိုင်းတွေ ထုတ်လုပ်ရောင်းချနေသူ အီဗန်ကာဟာ အခုဆိုရင် သမ္မတထရမ့်ရဲ့ အကြီးတန်း အကြံပေး တစ်ယောက်ဖြစ်တဲ့ ယောက်ျားဖြစ်သူ ဂျာရက် ခရူရှနာနဲ့ အတူ ဖခင် ဖြစ်သူ မစ္စတာထရမ့်အနားမှာ လက်ထောက်အဖြစ် အနီးကပ် တာဝန်ယူတော့မယ့် သဘောဖြစ်ပါတယ်။

သမီးနဲ့ သမက်ဖြစ်သူတွေရဲ့ သမ္မတ ထရမ့်အပေါ် သြဇာလွှမ်းမိုးနိုင်မှုဟာ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ ဝေဖန်စွပ်စွဲမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

သမ္မတထရမ့်ရဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေနဲ့ မိသားစုဝင်တွေရဲ့ နိုင်ငံရေး အလုပ်တွေမှာ ပါဝင် ပတ်သက်နေမှုအတွက် ရှင်းလင်းတိကျပြတ်သားတဲ့ စည်းဘောင်တွေ ခြားထားမှု ရှိမရှိလည်း အငြင်းအခုံ တွေ ဖြစ်နေကြပါတယ်။

သမ္မတထရမ့် ရာထူးစယူချိန် ဇန်နဝါရီလကတည်းက စပြီး ကနေဒါ ဝန်ကြီးချုပ်၊ ဂျာမန် အဓိပတိ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာ အီဗန်ကာကိုတွေ့မြင်နေရပါတယ်။ ဘီဘီစီမြန်မာပိုင်း