အမေရိကန်နှင့် မည်သည့်စစ်မျိုးမဆို ဆင်နွှဲနိုင်ဟု မြောက်ကိုရီးယား တုံ့ပြန်

မြောက်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရေးယူမှု လုပ်ကောင်းလုပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့မှုအပေါ် မြောက်ကိုရီးယားက ပယ်ချခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကလည်း အမေရိကန် နဲ့ ဘယ်စစ်မျိုးမဆို ဆင်နွှဲနိုင်တယ်လို့ မတ်လ ၂၀ ရက်နေ့မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဘာကြောင့် သူ့ရဲ့နျူကလီးယားစွမ်းရည်ကို အဆင့်မြှင့်နေတယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တဲလ်လာဆန် (Rex Tillerson) နားမလည်ဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာက မတ်လ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

စီးပွားရေးသမားကနေ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ တဲလ်လာဆန်ဟာ မြောက်ကိုရီးယားကို ခြိမ်းခြောက် တိုင်းရမယ်လို့ ထင်နေတယ်။ အဲ့ဒါ အလုပ်မဖြစ်ဘူးဆိုတာ မကြာခင် သိလိမ့်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စမ်းသပ်အောင်မြင်ခဲ့တဲ့ စွမ်းဆောင်ရည်မြင့် ဒုံးပျံအင်ဂျင်သစ်ကိုလည်း မြောက်ကိုရီးယားနိုင်ငံက ကြွားဝါပြောဆိုခဲ့ပြီး အဲ့ဒီအင်ဂျင်သစ်နဲ့ တာဝေးပစ် တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ ပိုမိုဝေးလံတဲ့ ပစ်မှတ်တွေကို ပစ်ခတ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုပါတယ်။

အဲ့ဒီဒုံးကျည်သစ်တွေရဲ့ စွမ်းရည်ကို မကြာခင် ကမ္ဘာက မျက်ဝါးထင်ထင်တွေ့မြင်ရမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်ကို ကိုးကားပြီး အစိုးရပိုင်ရုပ်သံက ကြေညာခဲ့ပါတယ်။

DVB