ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း ရုရှား၏ စစ်အသုံးစရိတ်များ မြင့်တက်လာ

ရေနံဈေးကျဆင်းမှု၊ စီးပွားရေးပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော ရုရှားသည် ၂၀၁၆ ခုနှစ်က ကမ္ဘာပေါ်တွင် စစ်ရေးအသုံးစရိတ် တတိယအကြီးဆုံးနိုင်ငံ ဖြစ်ခဲ့သည်ဟု ဧပြီ ၂၄ ရက်တွင် ထွက်ပေါ်လာသော ထုတ်ပြန် ချက်ထဲတွင် ဖော်ပြခဲ့သည်။

 

၂၀၁၆ ခုနှစ်အတွင်းက ရုရှားစစ်ရေး အသုံးစရိတ်သည် ၂၀၁၅ ခုနှစ်ကထက် ၅ ဒသမ ၉ ရာခိုင် နှုန်းမြင့်တက်လာကာ ဒေါ် လာ ၆၉ ဒသမ ၂ ဘီလျံ (ယူရို ၆၄ ဘီလျံဝန်းကျင်) ရှိခဲ့သည်ဟု စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန (SIP) ၏ အစီရင်ခံစာထဲတွင် ဖော်ပြခဲ့သည်။ ၂၀၁၆ ခုနှစ်၏ စစ်သုံးစရိတ်သည် ရုရှားအတွက် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အကြီးဆုံး ဂျီဒီပီအချိုး ဖြစ်နေသည်။ “ရုရှားစီးပွားရေးဟာ ရေနံနဲ့ ဓာတ်ငွေ့ဈေးတွေကျဆင်းမှု၊ ယူကရိန်း အရေးကြောင့် ၂၀၁၄ ခုနှစ်ကတည်းက အနောက် နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အကြီးအကျယ် ဒုက္ခရောက် နေတုန်းမှာ အခုလို စီးပွားရေးအပေါ်ဝန်ပိစေမယ့် အသုံးစရိတ် မြင့်တက်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါ တယ်” ဟု SIPRI မှ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

သို့သော် ၂၀၁၆ ခုနှစ်က ရုရှား၏စစ်အသုံးစရိတ်သည် ဥရောပနေတိုးအဖွဲ့ဝင် နိုင်ငံများအားလုံးပေါင်း စစ်အသုံးစရိတ်၏ ၂၇ ရာခိုင်နှုန်းသာ ရှိသည်ဟုသိရသည်။ ၂၀၁၅ ခုနှစ်က ကမ္ဘာပေါ်တွင် တတိယမြောက် စစ်စရိတ်အကြီးဆုံးနိုင်ငံဖြစ်သော ဆော်ဒီအာရေဗျသည် ယမန်နှစ်က အသုံးစရိတ်ရာခိုင်နှုန်း ၃၀ ကျဆင်း သွားကာ ဒေါ်လာ ၆၃ ဒသမ ၇ ဘီလျံရှိခဲ့သည့်အတွက် စတုတ္ထနေရာ၌ ရပ်တည်နေသည်။ ဆော်ဒီသည် ဒေသတွင်းစစ်ပွဲများတွင် ဆက်လက်ပါဝင်နေသည့်ကြားက ယခုကဲ့သို့ စစ်အသုံးစရိတ် ကျသွားခြင်း ဖြစ်သည်။

၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်ကြားတွင် အမေရိကန်၏ စစ်အသုံးစရိတ်သည် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာပြီး ဒေါ်လာ ၆၁၁ ဘီလျံရှိလာကာ အမေရိကန်သည် ကမ္ဘာပေါ်တွင် စစ်အသုံးစရိတ် အကြီးဆုံးနိုင်ငံ ဖြစ်နေဆဲဖြစ်သည်။ တရုတ်၏စစ်အသုံးစရိတ်မှာမူ ၂၀၁၆ ခုနှစ်တွင် ၅ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာကာ ဒေါ်လာ၂၁၅ ဘီလျံ ရှိခဲ့သည်။ SIPRI ၏ ထုတ်ပြန်ချက်ထဲတွင် ၂၀၀၈ ခုနှစ်က ကမ္ဘာစီးပွားရေး အကျပ်အတည်းနှင့် အာဖဂန်နှင့် အီရန်တို့မှ အမေရိကန်တပ်များ ပြန်ရုပ်သိမ်းခြင်းတို့ကြောင့် အမေရိကန်၏ စစ်အသုံးစရိတ်သည် ကျဆင်းနေရာမှ ၂၀၁၆ ခုနှစ်တွင် တစ်ဖန်ပြန်လည် တက်လာတော့မည့် အရိပ် အယောင်များကို တွေ့ရသည်ဟု ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ဆက်တိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနောက်ဥရောပ ဒေသတွင်လည်း ၂၀၁၅ ၊၂၀၁၆ နှစ်နှစ်လုံး စစ်အသုံးစရိတ်များ မြင့်တက်လာခဲ့သည်။  # Eleven