မန်ယူအသင်းနှင့် ပရိသတ်များကို ချစ်မြတ်နိုးမှု ပြောင်းလဲမည်မဟုတ်ဟု အသင်းနှင့် တရားဝင်လမ်းခွဲ ပြီးနောက် စီရော်နယ်လ်ဒို ပြောကြား

မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည့် စီရော်နယ်လ်ဒိုက အသင်းနှင့် ပရိသတ်များအပေါ် ချစ်ခင်မြတ်နိုးမှုမှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း သူ၏ Twitter တွင် ရေးသားခဲ့သည်။ မန်ယူ အသင်းသည် စီရော်နယ်လ်ဒိုနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြောင်း တရားဝင်ကြေညာပြီးနောက် ၎င်းက Twitter တွင် ယင်းကဲ့သို့ရေးသားကာ တုံ့ပြန်ခဲ့သည်။ “မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စကား ပြောပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ စာချုပ်ကို စောစီးစွာအဆုံးသတ်ဖို့ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပရိသတ်တွေကို ကျွန်တော် ချစ်ပါတယ်။

ဒါက ဘယ်တော့မှ ပြောင်းလဲမယ့်အရာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အဖို့ အခုချိန်ဟာ စိန်ခေါ်မှုသစ်ရှာဖွေဖို့ သင့်တော်တဲ့အချိန်လို့ ခံစားမိပါတယ်။ အသင်းအနေနဲ့ လက်ကျန်ရာသီနဲ့ အနာဂတ် မှာ ပြိုင်ပွဲတိုင်း အောင်မြင်မှုရရှိပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်” ဟု စီရော်နယ်လ်ဒိုက ပြောကြား ခဲ့သည်။ အသက် (၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုသည် သူ၏တစ်ပတ် ပေါင် (၅)သိန်းတန် စာချုပ်မှာ သက်တမ်း(၇)လ ကျန်နေသေးသော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သည့် အငြင်းပွားဖွယ် အင်တာဗျူးကြောင့် စောစီးစွာနှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းရသည့်အခြေအနေအထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်လ်ဒိုအနေဖြင့် မန်ယူကစားသမားဘ၀ နှစ်ကြိမ်တွင် ပြိုင်ပွဲစုံ (၃၄၆)ပွဲကစားကာ (၁၄၅)ဂိုး သွင်းယူခဲ့ပြီး ယခုရာသီ၌ ပြိုင်ပွဲစုံ (၁၆)ပွဲတွင် (၃)ဂိုးသာ သွင်းနိုင်ခဲ့သည်။ ၎င်းသည် မန်ယူအသင်းတွင် ပထမအကြိမ်ကစားစဉ်က ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဖလားများ အပါအဝင် ဆုဖလား (၉)လုံးအထိ ရရှိခဲ့ပြီး အသင်းသို့ တစ်ကျော့ပြန်လာရာတွင်မူ ဆုဖလားမရရှိခဲ့ကြောင်း သိရသည်။

 စီရော်နယ်လ်ဒိုအနေဖြင့် ပြီးခဲ့သည့်မေလက အဲဗာတန်ကွင်း၌ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်အသင်းပရိသတ်တစ်ဦး၏ ဖုန်းကို ရိုက်ချခဲ့သည့် အပြုအမူကြောင့် ပြည်တွင်းပွဲစဉ် နှစ်ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင်(၅၀၀၀၀)ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။