၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်

အင်္ဂလန် နှင့် အီရန်

လက်တလောရလဒ်တွေကို ကြည့်ရင် အင်္ဂလန်အသင်းက နိုင်ပွဲတွေ ဝေးနေတာကြာပြီ။ တိုက်စစ်ပိုင်းအားနည်းနေပြီး နောက်ဆုံးပွဲမှာတော့ ဂျာမနီကို (၃) ဂိုးသွင်းခဲ့တယ်။ ဒါပေမဲ့ Open Play ကနေရတဲ့ဂိုးမပါတာကို သတိပြုရမယ်။ အင်္ဂလန်အသင်းရဲ့နေရာစုံမှာ ကစားသမားအင်အားက တောင့်တင်းတယ်။ ပုံမှန်အားဖြင့် စုစည်းမှုလည်းကောင်းတဲ့ အသင်းတစ်သင်းအဖြစ် မြင်နိုင်ပေမဲ့ အဖွင့်ပွဲစဉ်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်အပြည့်အ၀ ပြသနိုင်ပါ့မလားဆိုတာကို တွေးရမယ်။ ကားလို့စ်ကွီရော့ဇ်ရဲ့ အီရန်အသင်းက ကစားသမားကောင်းတချို့ပိုင်ဆိုင်ထားသလို၊ စုဖွဲ့မှုလည်း ကောင်းတဲ့အသင်းပါ။ အင်္ဂလန်အတွက် နိုင်ပွဲရဖို့ အရမ်းခက်ခဲတဲ့ ပွဲစဉ်မျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဂိုးတွေ အများကြီးသွင်းပြီး နိုင်ဖို့လည်း မလွယ်ကူလောက်ဘူး။ အင်္ဂလန် ၁-ဝ၊ ၂-၁ လောက်ပဲ ဖြစ်ဖို့များတယ်။

ဆီနီဂေါ နှင့် နယ်သာလန်

ဆီနီဂေါက နှစ်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ အဓိကနိုင်ငံတကာ ဖလားကြီးတစ်လုံးကို ဒီနှစ်အစောပိုင်း၊ အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ရယူနိုင်ခဲ့တယ်။ အလီယူဆီဆေးရဲ့အသင်းက အားကောင်းပြီး ထိပ်တန်းကစားသမားတွေအများကြီးနဲ့ စုဖွဲ့ထားတယ်။ ထိပ်တန်းအသင်းကြီးတွေကို ရင်ဆိုင်ဖို့ မကြောက်တဲ့ အသင်းမျိုးဖြစ်တယ်။ နောက်ဆုံးခြေစမ်းပွဲမှာတော့ အီရန်အသင်းကို သရေကျထားတာတွေ့ရတယ်။ ဒါ့အပြင် ဒီပွဲမှာ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမား မာနေလွဲချော်မှာ ဖြစ်လို့ အားနည်းချက်ရှိတယ်။ လူးဝစ်ဗန်ဟားလ်ရဲ့ နယ်သာလန်က တောက်လျှောက်ခြေစွမ်းပြနေပြီး၊ ရလဒ်ကောင်းတွေယူနေတယ်။ ဒီပွဲမှာလည်း နယ်သာလန်က ပိုမိုရေပန်းစားနေတဲ့အသင်းဖြစ်သလို နိုင်ငံတကာပြိုင်ပွဲကြီး အတွေ့အကြုံကလည်း များပါတယ်။ နယ်သာလန် ကပ်နိုင်ဖို့ ရှိတယ်။

အမေရိကန် နှင့် ဝေးလ်စ်

ဝေးလ်စ်အသင်းက ဥရောပရဲ့အသင်းကောင်းတစ်သင်းဖြစ်ပြီး ထိပ်တန်းကစားသမားတွေကိုလည်း ပိုင်ဆိုင်ထား တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ခြေစွမ်း၊ လူအင်အားက ဝေးလ်စ်ကို ကောင်းကောင်း ယှဉ်နိုင်စွမ်းရှိပါတယ်။ အမေရိကန်ရဲ့ တိုက်စစ်ပိုင်းက ဝေးလ်စ်ထက် ပိုတောင့်တင်းတဲ့ အနေအထားဖြစ်ပြီး ကြယ်ပွင့်ကစားသမားတွေ အများကြီး ရှိနေတယ်။ ဝေးလ်စ်က မာကျောတောင့်တင်းပေမဲ့ တိုက်စစ်ပိုင်းအားနည်းချက်ရှိပါတယ်။ ဒီပွဲက အုပ်စု ဒုတိယနေရာအတွက် တော်တော်လေးအရေးပါတဲ့ပွဲဖြစ်ပြီး လက်ရှိခြေစွမ်းအရတော့ အမေရိကန်ကို ပိုကြိုက်တယ်။