မြိတ်မြို့တွင် အခမဲ့မျက်စိဆေးရုံဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးမယ့် သီတဂူစက္ခုဒါန မျက်စိဆေးရုံ ကို နိုဝင်ဘာ(၁၇)ရက်က ဖွင့်လှစ်လိုက်ပါတယ်။

ဆေးရုံဖွင့်ပွဲအခမ်းအနားကို သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ မြို့နယ်သံဃ နာယက ဆရာတော်တွေနဲ့ မြို့မိမြို့ဖတွေတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနဲ့ အစိုးရအဖွဲ့ဝင်တွေက ဆေးရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး သီတဂူဆရာတော်ကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်တို့က ဆေးရုံကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးတော်မူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆေးရုံနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအထောက်အထားတွေကို သီတဂူဆရာတော်ကြီးက ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းကို လွှဲပြောင်းပေးအပ်ပါတယ်။

ဒီဆေးရုံကြီးမှာ နိုဝင်ဘာ(၁၆)ရက်ကနေ နိုဝင်ဘာ(၂၀)ရက်နေ့အထိ မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသ ပေးနေပြီး အခုဖွင့်လှစ်လိုက်တဲ့ဆေးရုံဟာ (၄၉)ရုံမြောက် သီတဂူစက္ခုဒါန မျက်စိဆေးရုံဖြစ်တယ်လို့ သိရပါတယ်။