တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၂၆ ဦး ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၆ ဦး နိုဝင်ဘာ ၁၇ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သားသစ် ၃၈ ဦး၊ ကုန်ထုတ်လုပ်သား၁၀ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၇၈ ဦး စုစုပေါင်း ၁၂၆ ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားများအား မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာ သင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာ ၁၆ ရက်အထိ Regular ကုန်ထုတ် လုပ်သားသစ်၊ CBT ကုန်ထုတ်အလုပ်သမားသစ်၊ Re-entry ကုန်ထုတ်လုပ်သား၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်တွင် ကုန်ထုတ်လုပ်သားသစ် ၈၈ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၁ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၂၉ ဦး၊ စုစုပေါင်း ၁၄၈ ဦး ရောက်ရှိခဲ့ကြောင်း သိရသည်။ sdtimes