မူဆယ်ကုန်သွယ်ရေးဇုန် ပြန်ဖွင့်အပြီး တံတားနှစ်စင်း မိုင်းထောင်ဖျက်ဆီးခံရ

တိုက်ပွဲများကြောင့်  ပိတ်ထားခဲ့ရသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ဖွင့်လှစ် ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း မိုင်းထောင်ဖျက်ဆီးခံလိုက်ရသည်။ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်- လားရှိုး ပြည်ထောင်စုလမ်းအပိုင်းရှိ ကွန်ကရစ်တံတားနှစ်ခုမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က မိုင်းထောင်ဖျက်ဆီးခြင်းခံရသဖြင့် ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ခြင်းမရှိကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ယင်းနေ့ နံနက် ၃ နာရီခွဲခန့်တွင် မူဆယ်မြို့တောင်ဘက် ၂၂ မိုင်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ ကွန်ကရစ် တံတားတစ်စင်းကို TNLA/ KIA လက်နက်ကိုင်တပ်က မိုင်းထောင်ဖောက်ခွဲခဲ့ရာ အလျား ၂၀×၁၅ ပေရှိ တံတား ပေါက်ကွဲခဲ့ပြီး လေးပေခန့်ပျက်စီးခဲ့သည့်အပြင် တံတားအနီး မြေအောက်၌ရှိသည့် ဆက်သွယ်ရေး ကယ်ဘယ်ကြိုး များ ပျက်စီးခဲ့ရကြောင်း၊ လတ်တလောတွင် မော်တော်ယာဉ်ငယ်များသာ ဖြတ်သန်းနိုင်ပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းမသွားနိုင်သေးကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ထို့ပြင် ယင်းနေ့ နံနက် ၇ နာရီခန့် တွင် မူဆယ်မြို့မြောက်ဘက် ၁၁ မိုင်အကွာ အူရာဆူမန်ပြိန်း အုပ်စုဆွန်လုံရွာ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှိသည့် ဆွန်လုံတံတားကိုလည်း  မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း၊ ယင်းသို့ ဖောက်ခွဲမှုကြောင့် လေးပေအကျယ်ခန့် တံတားပျက်စီးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

လတ်တလောတွင် အဆိုပါ တံတားနှစ်ခုကို ခရီးသွားဒေသခံများ ဖြတ်သန်းနိုင်ရန် ရှေ့တန်းတပ်မတော်ဌာနချုပ် ၉၉ လက်အောက်ရှိ တပ်မတော် စစ်ကြောင်းများက ပြင်ဆင်လျက်ရှိကြောင်း ရဲမှူးကြီး အောင်မြတ်မိုးက ဆိုသည်။

 “သတင်းကြားတာနဲ့ နမ့်ဖတ်ကာမှာ ရပ်ပြီးစောင့်နေတာပါ။ ဖရဲတင်လာတာ ဖြစ်တော့ အချိန်တော့ သိပ်ကြာကြာ မစောင့်နိုင်ဘူးလေ။ နမ့်ဖတ်ကာမှာ စောင့်နေတဲ့ အသီးတင်လာတဲ့ ၁၂ ဘီးကားတွေ အစီး ၅၀ လောက် ရှိတယ်” ဟု ကုန်တင်ယာဉ်မောင်း စိုင်းလောင်မိန်းက ဆိုသည်။

အဆိုပါတံတား၂ စင်း ဖောက်ခွဲခံရမှုကြောင့် တံတားများ ထိခိုက်ပျက်စီးခဲ့သော်လည်း ခရီးသည်ပို့ဆောင်ရေး ဗင်ကားငယ်များမှာ ဖြတ်သန်းသွားလာနိုင်ကြောင်း မော်တော်ယာဉ်မောင်း ကိုပြည့်စုံက ပြောကြားသည်။

# The Voice


Leave a Reply