ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးပွဲစဉ်၌ သူတို့ကစားသမားများအား အသုံးမပြုရန် အာဂျင်တီးနား FA ၏ တောင်းဆိုမှုကို ပရီးမီးယားလိဂ်ကလပ်များ လက်ခံဖွယ်မရှိ

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ကာတာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်များ၌ ၎င်းတို့၏ကစားသမားများအား အသုံးမပြုဘဲ စောစီးစွာပြန်ပို့ပေးရန်  အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) ၏ တောင်းဆိုမှုကို လက်ခံဖွယ်မရှိကြောင်း သိရသည်။

Daily Mail ၏ ဖော်ပြမှုအရ AFA သည် ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းထံ ၎င်းတို့၏ကစားသမားများအား စောစီးစွာပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ရာ ချက်ချင်းငြင်းပယ်ခံရကြောင်း သိရသည်။

အဆိုပါ ကလပ်အသင်းသည် အာဂျင်တီးနားကစားသမားများရှိသည့် တခြားပရီးမီးယားလိဂ်အသင်းများထံ ယင်းအချက်ကို အသိပေးထားကြောင်း သိရသည်။

လက်ရှိ ပရီးမီးယားလိဂ်တွင် အာဂျင်တီးနားကစားသမား (၆)ဦးရှိပြီး မန်ယူမှ လော်တာရိုမာတီနက်ဇ်နှင့် ဂရင်နာချို၊ အက်စတွန်ဗီလာမှ ဘန်ဒီယာနှင့် အီမီလီယာနိုမာတီနက်ဇ်၊ စပါးမှ ရိုမဲရိုးနှင့် ဘရိုက်တန်မှ မက်အယ်လစ္စတာတို့ ဖြစ်သည်။ ကမ္ဘာ့ဖလားမတိုင်မီ ပရီးမီးယားလိဂ်၏ နောက်ဆုံးပွဲစဉ်များကို နိုဝင်ဘာ(၁၂)ရက်နှင့် (၁၃)ရက်တို့တွင် ကစားမည်ဖြစ်ပြီး ယင်းပွဲစဉ်များ၌ အာဂျင်တီးနားကစားသမားများကို အသုံးမပြုရန် AFA က အလိုရှိနေခြင်း ဖြစ်သည်။

FIFA ၏ စည်းမျဉ်းအရမူ ကလပ်အသင်းများအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကစားသမားများကို နိုဝင်ဘာ (၁၅)ရက်နေ့ နောက်ဆုံးထားစေလွှတ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Elevensport