အိန္ဒိယတွင် ကြိုးတံတားပြိုကျမှု လူ(၇၈)ဦးသေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ လူကူးကြိုးတံတား ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၇၈ ယောက် သေဆုံးခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၆ နာရီ မိနစ် ၄၀ လောက်မှာ တံတားပြိုကျမှု ဖြစ်ခဲ့တာပါ။ မတော်တဆမှု ဖြစ်တဲ့အချိန် တံတားပေါ်မှာ သွားလာနေသူ အယောက် ၄၀၀ လောက်ရှိတယ်လို့ သတင်းတွေမှာ ခန့်မှန်းဖော်ပြထားပါတယ်။

Morbi မြို့နယ်ရှိ မက်ချူးမြစ်ထဲကို လူရာနဲ့ချီ ပြုတ်ကျခဲ့တာဖြစ်ပြီး လူ ၈၀ ကျော်လောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးက ပြောပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်မှုတွေကို ညလုံးပေါက်လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံတွေရိုက်ယူထားတဲ့ ပုံတွေထဲမှာ တော့ တစ်စိတ်တစ်ပိုင်း နစ်နေတဲ့ ကြိုးတံတားပေါ်မှာ အသက်ရှင်ကျန်ရစ်သူတချို့ တွဲလောင်းဖြစ်နေ တာကို တွေ့ရပါတယ်။ အဲဒီကြိုးတံတားကို ပြုပြင်မှုတွေလုပ်ပြီး ပြန်လည်ဖွင့်လှစ်ထားတာ ရက်ပိုင်းလောက် အကြာမှာပဲ အခု မတော်တဆမှု ဖြစ်ခဲ့တာပါ။

တံတား ပြိုကျရတဲ့ အကြောင်းအရင်းကို သေချာမသိရသေးပေမယ့် ဒီပါဝလီပွဲတော် အားလက်ရက်အတွင်း ဖြစ်တာကြောင့် တံတားပေါ်မှာသွားလာသူတွေပြည့်နေတယ်လို့ အာဏာ ပိုင်တွေက ပြောပါတယ်။ မီတာ ၂၃၀ ရှည်တဲ့ ကိုလိုနီခေတ် လက်ကျန်ကြိုးတံတားကြီးကို ၁၉ ရာစုနှစ် အိန္ဒိယကို ဗြိတိသျှတို့အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒေသတွင်းမှာတော့ ဂျူလ်တိုပူးလ်လို့ ခေါ်ဝေါ်ကြပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာနေရာ တစ်ခုလည်း ဖြစ်ပါတယ်။

ဂူဂျာရတ်ပြည်နယ်ကို ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ မတော်တဆဖြစ်ရပ်အတွက် အလွန်စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ဒဏ်ရသူတွေနဲ့သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် နစ်နာကြေးပေးမယ့် အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။