တစ်ပတ်အတွင်း ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား တစ်ရာကျော် ထပ်မံဖမ်းဆီးခံရ

တစ်ပတ်အတွင်း ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား တစ်ရာကျော် ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်နှင့်နယ်ချင်းထိစပ်နေသည့်ထိုင်းနို်င်ငံ၊ကန်ချနာဘူရီခရိုင်အတွင်းသို့နယ်စပ်တောလမ်းများ အသုံးပြုကာ တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံ သားတစ်ရာကျော်မှာ လမ်းပြများနှင့်အတူ ဖမ်းဆီးခံရကြောင်းထိုင်းမီဒီယာများတွင်ဖော်ပြထားချက်အရသိရှိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့ တွင်ကန်ချနာဘူရီခရိုင်၊ ဗန်းကောင်ခရိုင်ခွဲ၊ဗန်းဟွေးနမ်းခေါင်ရှိ တောအုပ်အတွင်း မြန်မာနိုင်ငံသားအမျိုးသား ၁၁ ဦး ၊အမျိုးသမီး ၁၉ ဦးစုစုပေါင်း ၂၇ ဦးဖမ်းဆီးခံရ ကြောင်းသိရသည်။

အဆိုပါနေ့မှာပင်ကန်ချနာဘူရီခရိုင်၊ထောင်ဖာဖူးခရိုင်ခွဲအတွင်းမြန်မာနိုင်ငံသားအမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၅ ဦး ကို ထိုင်းနို်င်ငံသားလမ်းပြတစ်ဦး၊ ကားတစ်စီးနှင့်အတူဖမ်းဆီးရမိခဲ့ ကြောင်းဘန်ကောက်ပို့သတင်းတွင် ဖော်ပြခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၃ နှင့် ၂၄ ရက်နေ့ တွင်လည်းကန်ချနာဘူရီခရိုင်အတွင်း မြန်မာနိုင်ငံသား ၅၈ ဦးကို ထိုင်းလုံခြုံရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ကန်ချနာဘူရီခရိုင်၊ နောင်လူ၊ ထာ့ခနွန်နှင့် ဘန့်ကောင်ကျေးရွာများတွင် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ပြီးမြန်မာနိုင်ငံသားအမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၁၆ ဦးကို ထိုင်းနိုင်ငံသားလမ်းပြ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Migrant Times သတင်းတွင်လည်း ဖော်ပြထားကြောင်းသိရသည်။

ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားများမှာရန်ကုန်၊ပဲခူး၊ရခိုင်နှင့်မွန်ပြည်နယ်များမှဖြစ်ပြီးထိုင်းနို်င်ငံအတွင်းရှိကန်ချနာ ဘူရီ၊ဘန်ကောက်၊စမုစခွန်၊ရယောင်းဒေသများတွင်အလုပ်ရရှိရန်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။ ပွဲစားခအဖြစ်လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂ သောင်း မှ ၃ သောင်းအထိ ခရီးအကွာအဝေး အပေါ် မူတည်ကာ ပေးဆောင်ခဲ့ရကြောင်းသိရသည်။

အောက်တိုဘာ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံအနောက် ပိုင်းနယ်စပ်ဖြစ်သော မောင်မြို့နယ်နှင့် ဗန်ခအိုမြို့နယ်ရှိ ကျေးရွာများတွင်မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းကင်းလှည့်တပ်ဖွဲ့ကဖမ်းဆီးခဲ့ရကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသားအမျိုးသား ၂၄ ဦးနှင့်အမျိုးသမီး ၅ ဦးတို့ကို ခြုံပုတ်အတွင်း ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၁၂ ဦး နှင့်အမျိုးသမီး ၄ ဦးကိုလည်းကျေးရွာအနီးတွင် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်းရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ခဲ့ ကြောင်းသိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ ချွန်ဘူရီ၊ဆာရာဘူရီ၊စမုပရာကန်၊ပသုန်ထာ နီစသည့်ဒေသများသို့ သွားရောက်ရန် ဖြစ်ကြောင်း ပွဲစားများလာရောက်ခေါ်ဆောင်ရန်စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်းအလုပ်အကိုင်တစ်ခုရရှိရန်ပွဲစားများကိုထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၅၀၀၀ အထိပေးခဲ့ရကြောင်း ဖမ်းဆီးခံရသူများကို သက်ဆိုင် ရာရဲစခန်းများတွင် ထိန်းသိမ်းထားကာဥပဒေအတိုင်း ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန် ကြောင်းသိရသည်။  Elevennews