ပြည်ပသို့ တရားဝင်ငွေလွှဲမှု Western Union စတင်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တရားဝင်ငွေလွှဲပို့နိုင် မည့် ၀န်ဆောင်မှုလုပ်ငန်းကို အမေရိကန်အခြေစိုက် Western Union က ဇွန်လ ၇ရက်တွင် စတင် လိုက်ကြောင်း သတင်းရရှိ သည်။

ပြည်ပနိုင်ငံများသို့ တရားဝင် ငွေလွှဲပို့ရာတွင် မိသားစုထောက်ပံ့မှု၊ ခရီးသွားစရိတ်ပေးပို့မှု၊ ပညာရေးထောက်ပံ့မှု၊ ဆေးကုသစရိတ်ပေးချေမှု၊ အလှူပေးရန်အတွက် ငွေလွှဲပို့မှု၊ လက်ဆောင်အဖြစ် ငွေပေးမှု၊ အမွေပစ္စည်း(သို့မဟုတ်) အိမ်ခြံမြေများအတွက် ငွေပေးမှုတို့အတွက် တစ်ရက်လျှင် အများဆုံးအမေရိကန်ဒေါ်လာ သုံးထောင် အထိ ပြည်ပသို့ငွေလွှဲပို့နိုင်မည်ဖြစ်သည်။ ငွေလွှဲပေးပို့ခကို လက်မှတ် တစ်စောင်လျှင်အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ သတ်မှတ်ထားသည်။

‘‘Western Union အနေနဲ့ မြန်မာနိုင်ငံမှာ ငွေလွှဲမှုနဲ့ ပတ် သက်ပြီး ထောက်ပံ့ပေးနိုင်တဲ့အခြေခံစနစ်ရှိတဲ့အတွက် ငွေကြေး စီးဆင်းမှုကို ဆောင်ရွက်နိုင်တယ် ဆိုတာသဘောပေါက်နားလည် ထားပါတယ်’’ဟု Western Union မှ အရှေ့တောင်အာရှနှင့် အိုးရှင်းနီးယားအကြီးတန်း ဒုဥက္ကဋ္ဌ Ms. Patricia Z Rilngen က ပြောသည်။

Western Union သည် မြန်မာနိုင်ငံတွင် ၂၀၁၃ မှ စတင်ဝင်ရောက်လာပြီး ပြည်ပနိုင်ငံများမှ ငွေလွှဲသည့် ၀န်ဆောင်မှုကို  ပြည်တွင်းမှ ကမ္ဘောဇ၊ ဧရာဝတီ၊ မြန်မာ့ ရှေ့ဆောင်စသော ပုဂ္ဂလိကဘဏ်ရှစ်ခုနှင့် ချိတ်ဆက်၍ ၀န်ဆောင်မှု ပြုလုပ်ခဲ့သည်။

7Day Daily


Leave a Reply