အသံထက် သုံးဆမြန်သည့်လေယာဉ် Airbus ကုမ္ပဏီ ဖန်တီးနေ

Airbus ကုမ္ပဏီဟာ အသံထက်သုံးဆမြန်တဲ့ Darko လို့အမည်ပေးထားတဲ့ နည်းပညာမြင့် လေယာဉ်ကို ဖန်တီးနေတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ကြေညာလိုက်ပါပြီ။ ဒါဟာအနာဂတ်လေကြောင်းပို့ဆောင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းသစ်ဖြစ်ပါတယ်။

အသံထက် သုံးဆမြန်ဆန်စွာ ပျံသန်းနိုင်တဲ့ အဲဒီလေယာဉ်ဟာ မြောက်အမေရိကနဲ့ ဥရောပအကြားကို နှစ်နာရီအတွင်းနဲ့ မြောက်ဝင်ရိုးစွန်းကနေ အာရှဘက်ကိုလည်း ဒီထက်မြန်မြန်ရောက်ရှိအောင် ပျံသန်းနိုင်တယ်လို့ Airbus ကဆိုပါတယ်။ လေယာဉ်ဟာ ပုံမှန်အတိုင်းပျံသန်းနေချိန်မှာ Turbofan အင်ဂျင်ကိုအသုံးပြုမှာဖြစ်ပြီး ပင်လယ်သမုဒ္ဒရာတွေအပေါ်ရောက်ရင်တော့ အမြင့်ပေ ၉၅၀၀၀ ကနေ အသံထက်သုံးဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုပျံသန်းချိန်မှာတော့ မလိုအပ်တဲ့အချိန်ထိ Turbofan အင်ဂျင်ကို ပိတ်ထားမှာဖြစ်ပါတယ်။ Darko လေယာဉ်ဟာ လက်ရှိအချိန်ထိ ရှေ့ပြေးနမူနာအဖြစ် ဖန်တီးနေဆဲဖြစ်ပြီး တကယ်လက်တွေ့အသုံးပြုပျံသန်းနိုင်မယ့် အချိန်ကိုတော့ Airbus က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ခေတ်သစ်လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ပုံသဏ္ဌာန်သစ်နဲ့ ပြေးဆွဲပျံသန်းနိုင်ဖို့ အသံထက်မြန်တဲ့ လေယာဉ်တွေအပြင် မောင်းသူမဲ့လေယာဉ်၊ လျှပ်စစ်လေယာဉ်တွေနဲ့ အခြားသော နည်းပညာမြင့်လေယာဉ်တွေ တီထွင်ဖို့ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက အပြိုင်အဆိုင်အားထုတ်လျက်ရှိပါတယ်။