ဘုရင့်နောင်ပွဲရုံရှိ “အံ့ထူး”ငရုတ်သီးမှုန့်နှင့်ကုန်စုံ ဆိုင်မှထုတ်လုပ်သည့် ငရုတ်သီးမှုန့်များတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်ဟု FDA Myanmar ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဘုရင့်နောင်ပွဲရုံရှိ “အံ့ထူး”င ရုတ်သီးမှုန့်နှင့်ကုန်စုံဆိုင်အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ “အံ့ထူး”ငရုတ်သီးမှုန့်နှင့်ကုန်စုံ ဆိုင်မှထုတ်လုပ်သည့် ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ် သီးခွဲခြမ်းမှုန့်၊ ငရုတ်သီးအကြမ်းမှုန့်၊ အစိမ်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်နှင့် ငရုတ်သီးခွဲခြမ်းမှုန့်တို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေသည်ကို စစ် ဆေးတွေ့ရှိခဲ့ရသည်။

ခွင့်မပြုဆိုးဆေးများပါဝင်သည့် ငရုတ်သီးမှုန့်များအား ထိတွေ့မိပါက အရေပြား၊မျက်စိ၊နှာ ခေါင်းနှင့် လည်ချောင်းများ ယားယံစေကာ ရေရှည်စားသုံးမိပါက အသည်းနှင့်ကျောက်ကပ် ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြင်း၊ အချိန်တိုအတွင်းပမာဏအများအပြားစားသုံးမိပါက အဆိပ်သင့်ခြင်းများ ဖြစ်ပွားနိုင်သည်ဟု FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ခွင့်မပြုဆိုးဆေးများပါဝင်သည့် င ရုတ်သီးမှုန့်များအား သိမ်းဆည်းကာဖျက်စီးခဲ့ပြီး ခံဝန်ကတိလက်မှတ် ရေးထိုးစေခဲ့ကြောင်း သိရသည်။

ရောင်းချသူများအနေဖြင့် FDA Myanmar မှ ခွင့်ပြုထားခြင်းမရှိသည့် စားသုံးရန်မသင့်သည့် အစားအသောက်များအား စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။