မာဆယ်လိုကို အိုလံပီယာကို့စ် မိတ်ဆက်ပွဲကျင်းပ

ဂရိကလပ် အိုလံပီယာကို့စ်ဟာ နောက်ခံလူသစ် မာဆယ်လိုကို အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် မာဆယ်လိုဟာ ရီးရဲလ်အသင်းနဲ့အတူ ၁၅ နှစ်ကြာ ကစားခဲ့သလို ချန်ပီယံဆုဖလား ၂၅ လုံး အထိ ရယူနိုင်ခဲ့တာပါ။ အဲဒီနောက် စပိန်ကလပ်ကနေ ထွက်ခွာခဲ့တဲ့ မာဆယ်လိုကို အိုလံပီယာကို့စ်အသင်းက အလွတ်ခေါ်ယူနိုင်ခဲ့ပြီး ၁ နှစ်စာချုပ်ချုပ်ဆိုခဲ့သလို ၁ နှစ် ထပ်တိုးခွင့်ပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့ကတော့ အေသင်မြို့မှာရှိတဲ့ အိမ်ကွင်း ကာရစ္စကာကီမှာ မာဆယ်လိုကို မိတ်ဆက်ခဲ့ပြီး အသင်းပရိသတ် ၂ သောင်းကျော်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ မာဆယ်လိုကလည်း ရီးရဲလ်အသင်းမှာ ၁၅နှစ်ကြာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၂ ကို ဂရိကလပ်မှာလည်း ဆက်လက်ဝတ်ဆင်ပြီး ကွင်းအတွင်းကို သူ့ဇနီးနဲ့ သားဖြစ်သူတို့နဲ့အတူ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းနဲ့အတူ ၅၄၆ ပွဲ ပါဝင်ကစားခဲ့တဲ့ မာဆယ်လိုဟာ ၂၀၀၆ ခုနှစ်မှာ ဘရာဇီးလက်ရွေးစင်ဖြစ်ခဲ့သလို ၅၈ ပွဲ ကစားခွင့်ရခဲ့ပါတယ်။ ဂရိစူပါလိဂ်မှာ နောက်ဆုံး ၃ နှစ်ဆက် ချန်ပီယံဖြစ်ထားတဲ့ အိုလံပီယာကို့စ်အသင်းကလည်း ဒီရာသီမှာ စံချိန်တင်အဖြစ် ၄၈ ကြိမ်မြောက် ဆုဖလားရဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

-Ref: Skysport