ဘာစီလိုနာအသင်း ငွေကြေးများစွာ သုံးစွဲနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ယာဂန်ကလော့ပ် ဆို

လီဗာပူးလ်အသင်း၏နည်းပြ ယာဂန်ကလော့ပ်က ယခုနွေရာသီတွင် ဘာစီလိုနာအသင်း ငွေကြေးများစွာ သုံးစွဲနေခြင်းကို နားမလည်နိုင်အောင် ဖြစ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော်လည်း ယခုနွေရာသီတွင် ငွေကြေးများစွာသုံးစွဲကာ ကစားသမားသစ်အများအပြားကို ခေါ်ယူခဲ့သည့်အတွက် ယာဂန်ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအတွက် ဘာစီလိုနာအသင်းသည် ကစားသမားသစ်များအား မှတ်ပုံတင်စာရင်းသွင်းရန်ပင် အခက်တွေ့ ခဲ့ရပြီး လာလီဂါရာသီအဖွင့်ပွဲမတိုင်မီမှ လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့ကို စာရင်းသွင်းနိုင်ခဲ့ပြီး နောက်ခံလူ ခွန်ဒဲကိုမူ လက်ရှိအချိန်အထိ စာရင်းသွင်းနိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် ယာဂန်ကလော့ပ်က Kicker နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် “ဘာစီလိုနာအသင်းရဲ့ ငွေကြေးသုံးစွဲမှုကို ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်မှာ ငွေမရှိရင် ဘာအတွက်မှ ထပ်ပြီး သုံးစွဲမှာမဟုတ်ပါဘူး။ ကျွန်တော်က ဘဏ္ဍာရေးပညာရှင်တစ်ယောက် မဟုတ်တာကြောင့်လည်း  ဖြစ်နိုင်ပါတယ်။ ဘောလုံးပရိသတ်တစ်ယောက်အနေနဲ့ ကြည့်ရတာတော့ နားမလည်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

သို့သော် ယာဂန်ကလော့ပ်က ၎င်းကိုင်တွယ်ခဲ့ဖူးသည့် အသင်းဟောင်း ဒေါ့မွန်မှာလည်း လက်ရှိဘာစီလိုနာအသင်း ကဲ့သို့ ငွေကြေးပြဿနာနှင့် ရင်ဆိုင်ခဲ့ဖူးသည်ဟု ပြောကြားခဲ့သည်။