SD8+ Gen 1 ပါတဲ့ Samsung Galaxy Z Fold4 ကို ကြေညာပြီ

Samsung က Galaxy Z Fold4 အမည်ရ စွမ်းရည်မြင့် Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ အပြင်ဘက်မှာ ၆.၂ လက်မ မျက်နှာပြင်နဲ့ အတွင်းဘက်မှာ ၇.၆ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး HD+ Dynamic AMOLED နဲ့ QXGA+ Dynamic AMOLED တွေ ဖြစ်ပါတယ်။

မျက်နှာပြင် ၂ ခုစလုံးဟာ 120Hz Refresh Rate ကို ထောက်ပံ့ထားပြီး Gorilla Glass Victus+ နဲ့ ကာကွယ်ထားပါတယ်။ ဖရိန်ကို အလူမီနမ်နဲ့ တည်ဆောက်ထားပါတယ်။ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 1TB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ 25W Fast Charging ပါတဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားပြီး မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Android 12L အခြေပြု UI မောင်းနှင်ထားပြီး Recent App နဲ့ အသုံးအများဆုံး App တွေကို လျှင်မြန်စွာ သုံးနိုင်တဲ့ ပီစီလို Taskbar ကို အောက်ခြေမှာ ထည့်သွင်းထားပါတယ်။ Facebook, YouTube, Netflix, Disney+ နဲ့ Microsoft Teams တို့ကို Foldable ပုံစံနဲ့ သုံးလို့ကောင်းအောင် ဖန်တီးပေးထားပါတယ်။ Microsoft Outlook, Office, Teams, Google Meet တို့ကို တက်ဘလက်လို သုံးနိုင်ပါတယ်။

ဖုန်းကို တစ်ဝက်ခေါက်ချိုးထားကာ လက်ပ်တော့လို သုံးနိုင်တဲ့ Flex Mode ပါလာပြီး အဲဒီ Mode ကို ထောက်ပံ့တဲ့ App တွေမှာ ဗီဒီယို Calling အတွက် ကင်မရာကို ဖွင့်ပေးနိုင်ပါတယ်။ တခြား App တွေအတွက် အောက်ဘက်တစ်ခြမ်းကို Touchpad နဲ့ Shortcuts Bar အဖြစ် သုံးနိုင်ပါတယ်။

S Pen မှာ Text Extraction လုပ်ဆောင်ချက် အသစ် ပါလာပြီး စာသားတွေကို Copy/Paste လုပ်ရတာ လွယ်ကူပါတယ်။ 5G, 4G LTE, Wi-Fi 6E, Bluetooth 5.2, GPS နဲ့ USB Type-C port ပါလာပြီး IPX8 ရေစိုခံစံနှုန်း ထည့်ထားပါတယ်။

50MP Main (OIS, EIS) , 12MP Ultrawide , 12MP Telephoto (3x Optical Zoom) ကင်မရာ တွေ ထည့်သွင်းထားပြီး Samsung က Space Zoom လို့ အမည်ပေးထားတဲ့ 30x Digital Zoom ထောက်ပံ့ထားပါတယ်။ အပြင်ဘက်မှာ 10MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး မျက်နှာပြင်အောက် ကင်မရာက အရင်နှစ်ကလိုပဲ 4MP ဖြစ်ပါတယ်။

တန်ဖိုးအနည်းဆုံး 12/256GB ကို ၁,၈၀၀ ယူရို၊ 12/512GB ကို ၁,၉၂၀ ယူရိုနဲ့ 12/1TB ကို ၂,၁၆၀ ယူရို သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ မြန်မာငွေ ၃၈ သိန်းလောက် ရှိပါတယ်။ Phantom Black , Beige နဲ့ Graygreen အရောင်တွေ ထုတ်လုပ်ထားပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ ဒီလ ၂၅ ရက်နေ့ရောင်းမှာပါ။

Ref : gizmochina / digitaltimes