အသင်းကို အနားပေးမည့်အစီအစဉ် တန်ဟတ်ဖျက်သိမ်း

ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ပွဲအပြီး နောက်တစ်ရက်မှာ အနားပေးမယ့် အသင်းအစီအစဉ်ကို နည်းပြတန်ဟတ်က ဖျက်သိမ်းခဲ့ပါတယ်။ မန်ယူအသင်းဟာ မူလက လီဗာပူးနဲ့ရင်ဆိုင် ကစားရမယ့် ဩဂုတ် ၂၂ ရက် ပွဲမတိုင်ခင် ကစားသမားတွေကို နှစ်ရက်အနားပေးဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမယ့် ဘရန့်ဖို့ဒ်အသင်းကို ၄ ဂိုးပြတ်အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြတန်ဟတ်က  တနင်္ဂနွေနေ့ မနက်ပိုင်းမှာ သူ့အသင်းကို လေ့ကျင့်ခန်းပြန်ဆင်းခိုင်းခဲ့တာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲက အရှုံးကြောင့် မန်ယူအသင်းဟာ ကစားသမားဟောင်းတွေ၊ ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မန်ယူအသင်းဟာ အခုရာသီအဖွင့်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့ပြီး ဒုတိယအဆင့် ပွဲစဉ်မှာလည်း ဘရန့်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပွဲစဉ် ၂ အပြီး ပရီးမီးယားလိဂ် အမှတ်ဇယား အောက်ဆုံးမှာ ရပ်တည်နေရတာဖြစ်ပါတယ်။