ကာဂျစ္စတန်နှင့် မြန်မာပွဲကို ထိုင်းတွင်ကျင်းပရန် ဘောလုံးအဖွဲ့ချုပ်စီစဉ်

လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို ထိုင်းနိုင်ငံတွင် ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ်ဦးဘုန်း နိုင်ဇော်က ပြောသည်။

 ယင်းပွဲကို မူလက စက်တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကပ်မြို့ ဒိုလန်အိုယူဇာကော့ကွင်း၌ ကျင်းပရန်စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် ပွဲရွှေ့ဆိုင်းရန်ကာဂျစ္စတန် ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုခဲ့သည်။ ‘‘အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဘက်က မြန်မာအသင်း သဘောထားကို မေးတဲ့အတွက် ပြန်ကန်ဖို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ရက်နဲ့နိုင်ငံကိုတော့ စိတ်ကြိုက်ရွေးခွင့်တောင်းထားတယ်။ အဲဒီအတွက် ပြန်ကန်မယ်ဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကစားဖို့ စီစဉ်ပါမယ်။ ရက်ကိုလည်း ကစားသမားတွေ အတွက် လိဂ်နဲ့မတိုက်ဘဲ အကောင်းဆုံးဖြစ်မယ့်ရက်ကို ရွေးချယ်မှာပါ။ AFC နဲ့ဒီရက်ပိုင်း အတွင်း ဆွေးနွေးမှုထပ်လုပ်သွား မှာပါ’’ ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

ထို့အပြင် အဆိုပါပြန်လည် ကျင်းပမည့်ပွဲစဉ်အတွက် ကုန်ကျစရိတ်အားလုံးကို ကာဂျစ္စတန် ဘောလုံးအဖွဲ့ချုပ်က ကျခံရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ စက်တင်ဘာ ၄ ရက်က ယင်းပွဲရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ပြီးနောက် အဆိုပါပွဲကို အခြားနိုင်ငံတွင် ပြန်လည်ကျင်းပ နိုင်ကြောင်း ကာဂျစ္စတန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူတန်နော့ဗ်က ပြောကြားထားသည်။

၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စု(က)တွင် အိန္ဒိယအသင်းက သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ်ကိုး မှတ်ဖြင့် အုပ်စုကို ဦးဆောင်ထား သည်။ မြန်မာနှင့်ကာဂျစ္စတန်အသင်းတို့က နှစ်ပွဲကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲရုံးရလဒ်ဖြင့် သုံးမှတ်စီတူညီနေသော်လည်း ဂိုးကွာခြားချက် အသာရရှိထားသည့် မြန်မာအသင်းက ဒုတိယ၊ ကာဂျစ္စတန်အသင်းက တတိယနေရာ၌ အသီးသီးရပ်တည် နေသည်။ မကာအိုအသင်းက ရမှတ် မရရှိသေးဘဲ အုပ်စုအောက်ဆုံး၌ ရပ်တည်နေသည်။

(7 days)