ရော့စတော့ဗ်နှင့်ပွဲတွင် မန်ယူ၌ အီဗရာဟီမိုဗစ် ပါဝင်နိုင်၊ ရွန်းနေနှင့် မာရှယ်လွဲချော်မည်

ရော့စတော့ဗ်နှင့် ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်နောက်ဆုံး ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲမတိုင်မီ မန်ယူ အတွက် ၀ါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ပြန် လည်ကစားမည်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက အတည်ပြု ပြောကြားပြီး ရွန်းနေနှင့် မာရှယ် တို့ ဒဏ်ရာကိုယ်စီဖြင့် လွဲချော်နိုင်သည်ဟု ပြောကြားသည်။

အက်ဖ်အေဖလားသုံးပွဲပယ်  ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော အီဗရာဟီမိုဗစ်သည် အက်ဖ်အေဖလား ကွာတား ဖိုင်နယ်တွင် ချယ်လ်ဆီးကိုရှုံးသောပွဲ၌ ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ပွဲပယ်ပြစ်ဒဏ်သည် ဥရောပပွဲများနှင့်မသက်ဆိုင်သဖြင့် အီဗရာဟီမိုဗစ်သည် ရော့စတော့ဗ်နှင့် ပွဲတွင် ပါဝင်နိုင်မည်ဖြစ်သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက ရွန်းနေနှင့် မာရှယ်တို့ ဒဏ်ရာအပြည့်အ၀ပြန်လည် ကောင်း မွန်ခြင်းမရှိသေးဟု ပြောသည်။ မန်ယူသည် ပထမအကျော့ ရုရှားမြေတွင် ရော့စတော့ဗ်ကို တစ်ဂိုးစီ သရေ ကျထား၍ အဝေးဂိုးအားသာချက် ရှိနေသော်လည်း အိုးထရက်ဖို့ဒ်၌ အာရုံစိုက်ကစားမည်ဟု မော်ရင်ဟိုက ပြောသည်။ ရော့စတော့ဗ်အသင်း၏ အိမ်ကွင်းအခြေအနေကို မော်ရင်ဟိုက ဝေဖန်ခဲ့ပြီးနောက် ရော့စတော့ဗ်အသင်းသည် ဥရောပပြိုင်ပွဲ ပွဲစဉ်များကို ၎င်းတို့အိမ်ကွင်း၌ လက်ခံကစားခွင့် ပိတ်ပင်ခံရသည်။

နောက်ထပ်ပွဲစဉ်တစ်ခုတွင် ပထမအကျော့၌ ၄-၂ဂိုးဖြင့် ရှုံးနိမ့်ထားသော လိုင်ယွန်ကို ရိုးမားအသင်းက သွား ရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

ရိုးမားနည်းပြ စပယ်လက်တီက အသင်းသားများ ပွဲပန်းမှုအကြောင်းကို ပြောဆိုပါက အခြေအနေ ပိုဆိုးရွားသွား စေရုံသာရှိသည်ဟုပြောကြားပြီး လိုင်ယွန်ကို အကောင်းဆုံး ရင်ဆိုင်မည်ဟု ပြောသည်။

‘‘ယူရိုပါလိဂ်ဖလားရဖို့ အရမ်းခက်ပါတယ်။ ရိုးမားနဲ့ပွဲဟာ ခက်ခဲမယ့်ပွဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပွဲကြီး ပွဲကောင်း နောက်ထပ်နှစ်ပွဲကစားဖို့ ရည်ရွယ်ထားပါတယ်။ ရိုးမားကိုလေးစားပေမယ့် ကျွန်တော်တို့ သူတို့ ပြဿနာ ကြုံအောင်လုပ်သွားပါမယ်’’ ဟု လိုင်ယွန်နည်းပြ ဂျီနက်ဆီယိုက ပြောကြားသည်။ Ref; ESPN / AP