ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်း ဖီဖာအဆင့် သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာရောက်လာ

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းသည် ၁၆ နှစ် အတွင်း ပထမဆုံး ဖီဖာ၏ကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် ထိပ် ဆုံးနေရာ ရရှိသည်။

ပြီးခဲ့သည့်လက ရုရှားကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ခရိုအေးရှားကို ၄-၂ ဂိုးဖြင့် အနိုင်ရပြီး ဒုတိယအကြိမ် ကမ္ဘာ့ချန်ပီယံ ဖြစ်လာသော ပြင်သစ်သည် ၂၀၀၂ မေလက ၎င်းတို့နောက်ဆုံးအကြိမ် သိမ်းပိုက်ခဲ့သော အဆင့် (၁) နေရာကို ပြန်လည် ရရှိခဲ့သည်။

အကြိုဗိုလ်လုပွဲတွင် ပြင်သစ်ကို ရှုံးနိမ့်ခဲ့သော ဘယ်လ်ဂျီယံ သည် ယမန်နေ့က ထုတ်ပြန်သော ဖီဖာ၏ နောက်ဆုံးအဆင့် သတ် မှတ်ချက်၌ တစ်ဆင့်တက်လာကာ ဒုတိယနေရာ ရပ်တည်ခဲ့သည်။

ကွာတားဖိုင်နယ်တွင် ဘယ်လ်ဂျီယံကို ရှုံးနိမ့်သော ဘရာဇီးက တစ်ဆင့်ကျကာ တတိယနေရာ ရောက်သွားသည်။ ခရိုအေးရှားက ၁၆ နေရာမြင့်တက်ပြီး စတုတ္ထနေရာ၌ ရပ်တည်နေကာ ယင်းမှာ လွန်ခဲ့သောငါးနှစ် က ၎င်းတို့ ရရှိခဲ့သော အကောင်းဆုံး အဆင့်သတ်မှတ်ချက်လည်း ဖြစ်သည်။

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ရောက် ဥရုဂွေးက ကိုးနေရာခုန်တက်ကာ ပဉ္စမနေရာရရှိပြီး ဆီမီးဖိုင်နယ် တက်ခဲ့သော အင်္ဂလန်က အဆင့် (၁၂) နေရာမှ အဆင့် (၆) နေရာသို့ ခုန်တက်လာသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်းအနက် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးအသင်းဖြစ်ခဲ့သော်လည်း မထင်မှတ်ဘဲ ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့သည့် အိမ်ရှင်ရုရှားက ၂၁ နေရာခုန်တက်ကာ အဆင့် (၄၉) နေရာသို့ ရောက်ရှိလာသည်။

ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသော လက်ရှိချန်ပီယံ ဂျာမနီသည် အဆင့် (၁) နေရာမှ အဆင့် (၁၅) သို့ ကျဆင်းခဲ့သည်။

—Ref:AP