တရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

ထိုင်ဝမ်၏ထိပ်တန်းသံတမန်က တရုတ်နိုင်ငံသည် ထိုင်ဝမ်ကိုကျူးကျော်ရန် ပြင်ဆင်နေကြောင်းစွပ်စွဲကာ အင်္ဂါနေ့ (သြဂုတ် ၉ ရက်) တွင် အမြောက်တပ်စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဌနန်စီပေလိုစီ၏ ခရီးစဉ်အပြီးတွင် တရုတ်သည် ၎င်း၏အကြီးမားဆုံး ရေပြင်နှင့်ဝေဟင်စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်အနီးတွင်ပြုလုပ်ခဲ့သည်။

ပေကျင်းက ပေလိုစီ၏ခရီးစဉ်ကို စစ်ရေးအကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟုဆိုကာ “ထိုင်ဝမ်အား ကျူးကျော်ရန် ပြင်ဆင်ဖို့အတွက် တရုတ်ကစစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ရေးပြနည်းတွေကို အသုံးပြုနေပါတယ်” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က အင်္ဂါနေ့ကတိုင်ပေ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တရုတ်ရဲ့တကယ့်ရည်ရွယ်ချက်က ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတစ်ခုလုံးက လက်ရှိအနေအထားက ိုပြောင်းလဲဖို့ပါပဲ” ဟုလည်း၎င်းကပြောကြားခဲ့သည်။

ထိုင်ဝမ်၏စစ်ရေးလေ့ကျင့်မှုကို စင်္ကာပူစံတော်ချိန်နံနက် ၈ နာရီ ၄၀ မိနစ်၌ နိုင်ငံ၏တောင်ပိုင်း Pingtung ဒေသတွင်စတင်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် ပြီးဆုံးခဲ့သည်ဟု တပ်မတော်မှပြောရေးဆိုခွင့်ရှိသူ မစ္စတာ Lou Woei-jye ကပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ယခင်ကတည်းကအစီစဉ်ဆွဲထားပြီးသားဖြစ်ကာ တရုတ်လေ့ကျင့်မှုကို တုံ့ပြန်ခြင်း မဟုတ်ကြောင်း မစ္စတာ Lou က AFP သို့ပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်းနိုင်ငံငယ်သည် တရုတ်၏ ကျူးကျော်မှုကို ခုခံကာကွယ်သည့် ပုံစံတူစစ်ရေးလေ့ကျင့်မှုကို ပုံမှန ်ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်လကလည်း အကြီးဆုံးနှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုအဖြစ် “ပူးတွဲကြား ဖြတ်စစ်ဆင်ရေး” တွင် ပင်လယ်ပြင်မှတိုက်ခိုက်ခြင်းကိုလေ့ကျင့်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ် ပြည်သူများကို စိတ်ဓာတ်ကျစေရန် အကြီးစားစစ်ရေးလေ့ကျင့်မှုများနှင့် ဒုံးကျည် ပစ်လွှတ်မှုများအပြင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ မဟုတ်မမှန်သော လှုံ့ဆော်မှုများနှင့် စီးပွားရေးအရ အကျပ်ကိုင်မှုများကိုပါ ပြုလုပ်နေသည်ဟု ၎င်းကပြောကြားခဲ့သည်။

နိုင်ငံခြား​ရေးဝန်ကြီးမစ္စတာ Wu က တရုတ်နိုင်ငံကိုဆန့်ကျင်လျက် ထိုင်ဝမ်သို့မရောက်ရောက်အောင် လာပေးခဲ့သည့် မစ္စပေလိုစီ၏ ခရီးစဉ်အတွက် ‌အမေရိကအပါအဝင် အနောက်နိုင်ငံမှ မဟာမိတ်များအား ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားခဲ့သည်။ Source – AFP/ta