ဖလော်ရီဒါရှိ ထရမ့်၏နေအိမ်ကို FBI ဝင်စီး

တရားဝင် သမ္မတရုံး မှတ်တမ်းတွေကို အိမ်ဖြူတော်ကနေ သူ့ရဲ့ ဖလော်ရီဒါနေအိမ်ကို ဒေါ်နယ်ထရန့် က ရွှေ့ပြောင်းခဲ့တာနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းဖြစ်ရပ်မှာ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး FBI အေးဂျင့်တွေက သူ့ရဲ့ မာအာလာဂို နေအိမ်ကို စီးနင်းရှာဖွေပြီး မီးခံသေတ္တာတစ်လုံးကိုပါ ဖွင့်ဖောက်သွားခဲ့တယ်လို့ ကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် က ပြောကြားပါတယ်။

သမ္မတဟောင်းတစ်ဦးရဲ့နေအိမ်ကို ရှာဖွေတဲ့ အရင်က မရှိခဲ့ဖူးတဲ့ဖြစ်ရပ်ဟာ မှတ်တမ်းစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး အရှိန်မြင့်လာတဲ့လက္ခဏာဖြစ်ပြီး သူ သမ္မတလက်ထက်နဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရန့် ရင်ဆိုင်နေရတဲ့ အမှုအများအပြားအနက်မှ တစ်ခုဖြစ်ပါတယ်။

ဒီရှာဖွေမှုနဲ့ပတ်သက်ပြီး အမေရိကန် တရားရေးဌာနနဲ့ အက်ဖ်ဘီအိုင် က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် စီးနင်းမှုမှာ အက်ဖ်ဘီအိုင်အေးဂျင့် အများအပြားပါဝင်တယ်လို့ ဒေါ်နယ်ထရန့် က သူ့ရဲ့ထုတ်ပြန်ချက်မှာ ပြောကြားပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုက အိမ်ဖြူတော်ကနေ ဒေါ်နယ်ထရန့် သူနဲ့အတူ ယူဆောင်လာခဲ့တဲ့ စာရွက်စာတမ်း ပုံးတွေနဲ့ပတ်သက်တယ်လို့ ဒေါ်နယ်ထရန့် ရဲ့ အရွယ်ရောက်ပြီး သားတစ်ဦးဖြစ်တဲ့ အဲရစ်ထရန့်က ဖောက်စ် သတင်းဌာနကိုပြောကြားပြီး သူ့အဖေက အဲဒီကိစ္စမှာ အမျိုးသားမော်ကွန်းတိုက်နဲ့ လပေါင်းများစွာ ပူးပေါင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရှာဖွေမှုအတွင်းမှာ စာရွက်စာတမ်း တချို့ကို သိမ်းဆည်းသွားခဲ့တယ်လို့ ဒေါ်နယ်ထရန့် ရဲ့ရှေ့နေ ခရစ်တီးနာ ဘော့ဘ် က NBC သတင်းဌာနအား ပြောကြားပါတယ်။ ဒေါ်နယ်ထရန့် ဟာ ၂၀၂၄ မှာ သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေချိန်မှာ ဒီရှာဖွေမှု ဖြစ်လာခဲ့တာလို့ ဘီဘီစီ သတင်းက ဖော်ပြပါတယ်။

သူ့ရဲ့နေအိမ် လောလောဆယ် စီးနင်းခံနေရတယ်လို့ ဒေါ်နယ်ထရန့် က ပြောပေမယ့် ဘာကြောင့် စီးနင်းခံရတယ်ဆိုတာကိုတော့ မပြောပါဘူး။

“သက်ဆိုင်ရာအစိုးရအေဂျင်စီတွေနဲ့ အလုပ်လုပ်တာ ပူးပေါင်းဆောင်ရွက်တာတွေရှိခဲ့ပြီးတဲ့နောက်မှာ ဒီလို ကျွန်တော့်အိမ်ကို အသိမပေးဘဲ ဝင်ရောက်စီးနင်းတာဟာ သင့်တော်မှု မရှိသလို လိုလည်း မလိုအပ်ပါဘူး”လို့ ဒေါ်နယ်ထရန့် က ပြောကြားပါတယ်။ ဖလော်ရီဒါ နေအိမ်စီးနင်းခံရချိန်မှာ ဒေါ်နယ်ထရန့် မရှိဘဲ သူက နယူးယောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ -Ref:Reuters