အနိမ့်ပျံ လေယာဉ်များကို ပစ်ချနိုင်သည့် လက်နက်များ အိုင်အက်စ်တို့ ပိုင်ဆိုင်လာ

အနိမ့်ပျံသန်းနေသည့် လေယာဉ်များကို ပစ်ချနိုင်သည့် စစ်လက်နက်များ အိုင်အက်စ်တို့လက်တွင် ရှိနေပြီဟု ယုံကြည်ရကြောင်း အမေရိကန် စစ်ဘက်က မှတ်ချက်ပေးခဲ့သည်။

 

အိုင်အက်စ်တို့သည် ၎င်းတို့၏ လက်နက်ဝယ်ယူမှု မှောင်ခို လမ်းကြောင်းများမှတဆင့် အသေးစား လေယာဉ်ပစ် လက်နက်များကို စုဆောင်းရရှိထားပြီဟု အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အခြေစိုက် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။ ယင်းအခြေအနေသည် အမေရိကန် ဦးဆောင်သော မဟာမိတ် လေတပ်များအတွက် အလေးထားရမည့် ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်လာဖွယ် ရှိသည်။

အိုင်အက်စ်တို့ အနေဖြင့် ကောင်းကင်အမြင့်တွင် ပျံသန်းနေသည့် တိုက်လေယာဉ်များကို အန္တရာယ်ပေးနိုင်စွမ်း မရှိသော်လည်း ရဟတ်ယာဉ်များနှင့် အနိမ့်ပျံ ဗုံးကြဲလေယာဉ်များကို တိုက်ခိုက်နိုင်စွမ်း ရှိလာပြီဟု ယင်းအရာရှိက ဆိုသည်။ အိုင်အက်စ်တို့သည် အီရတ်နှင့် ဆီးရီးယား စစ်မြေပြင်များတွင် အဆုံးအရှုံးများ ကြုံလာသည့်တိုင် ခေတ်မီဆန်းသစ်သော လက်နက်နည်းပညာများနှင့် ပိုမိုထိတွေ့ အသုံးပြုလာနေကြောင်း သိရသည်။

မကြာသေးမီကလည်း အမေရိကန် စစ်တပ်သည် အိုင်အက်စ်တို့ အနေဖြင့် အဝေးထိန်း ဒရုန်းလေယာဉ်ငယ်များ ပေါ်တွင် လက်ပစ်ဗုံးများ သယ်ဆောင်ကာ အမြင့်မှ ကြဲချသည့် နည်းစနစ်ကို အသုံးပြုလျက်ရှိကြောင်း အတည်ပြု
ကြေညာခဲ့သည်။

ထိုအခြေအနေကြောင့် အီရတ်ရှိ အမေရိကန် စစ်တပ်များသည် အကြမ်းဖက်သမားများ၏ ဒရုန်းများကို တုံ့ပြန်ဖျက်ဆီးသည့် လက်နက်တစ်မျိုးကို အသုံးပြုနေရသည်။ ယင်းသည် သေနတ်နှင့် တူညီပြီး ဒရုန်းနှင့် ထိန်းချုပ်စေခိုင်းသူ တို့ကြား ချိတ်ဆက်သည့် ရေဒီယိုလှိုင်းများကြား ကြားဖြတ် နှောင့်ယှက်နိုင်စွမ်းရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အီရတ်အစိုးရ တပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်းရှိ အိုင်အက်စ်တို့၏ နောက်ဆုံးလက်ကျန် ခြေကုပ် စခန်းဖြစ်သော မိုဆူးလ်မြို့ အနောက်ဘက်ခြမ်းကို သိမ်းယူရန် ထိုးစစ်စတင်နေပြီး အမေရိကန်နှင့် မဟာမိတ်
လေတပ်များက လေကြောင်းမှ ပစ်ကူပေး ပံ့ပိုးလျက်ရှိသည်။

Ref: New York Post