လုံခြုံရေးစည်းမျဉ်းသစ်များကို FA ထုတ်ပြန်

ကွင်းအတွင်း ကျူးကျော်ဝင်ရောက်တဲ့ ပရိသတ်တွေကို ပရီးမီးယားလိဂ်နဲ့ အင်္ဂလန် ဘောလုံးလောကမှာ ရာသက်ပန် ပွဲကြည့်ခွင့်ပိတ်ပင်တော့မှာဖြစ်တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ထုတ်ပြန်လိုက်ပါတယ်။  အဲဒီထုတ်ပြန်ချက်မှာ ပရိသတ်တွေအနေနဲ့ ကွင်းထဲကို မီးရှူးမီးပန်းတွေ၊ မီးခိုးဗုံးလို အငွေ့ထွက်စေတဲ့အရာတွေကို ယူဆောင်လာလို့ မရတော့သလို တွေ့ရှိခဲ့ရင် ရဲတပ်ဖွဲ့ထံအပ်နှံ စစ်ဆေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာကလပ်ကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။ လာမယ့်ရာသီသစ်မှာ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ဘောလုံးကလပ်တွေအားလုံး ပရိသတ်တွေကို ရှာဖွေစစ်ဆေးမှုပြုလုပ်ရမှာဖြစ်သလို လုံခြုံရေးအရ အနံ့ခံ ခွေးတွေလည်းအသုံးပြုရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်စာမျက်နာတွေပေါ်မှာ ပရိသတ်တွေတင်တဲ့ မသင့်လျော်တဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ချက်ချင်းဖြုတ်ချပစ်ရမှာဖြစ်တယ်လို့ FA က လုံခြုံရေး စည်းမျဉ်း စည်းကမ်း အသစ်တွေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီစည်းမျဉ်းသစ်တွေကို ပရီးမီးယားလိဂ် ကလပ်တွေအားလုံး သဘောတူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။