လက်ရှိနွေရာသီတွင် ငွေအများဆုံးသုံးစွဲထားသည့်အသင်းအဖြစ် အာဆင်နယ် ဦးဆောင်နေပြီး ထိပ်ဆုံး(၁၀)သင်း တွင် ပရီးမီးယားလိဂ်မှ (၆)သင်းပါဝင်

လက်ရှိနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဇူလိုင်(၂၃)ရက်အထိ ကစားသမားခေါ်ယူမှု စာရင်းအရ အာဆင်နယ်အသင်းက ငွေအများဆုံးသုံးစွဲထားသည့်အသင်းအဖြစ် ဦးဆောင်နေပြီး ထိပ်ဆုံး(၁၀)သင်းတွင် ပရီးမီးယားလိဂ်မှ (၆)သင်းအထိ ပါဝင်နေကြောင်း သိရသည်။အာဆင်နယ်အသင်းသည် ဇူလိုင် (၂၂)ရက်က မန်စီးတီးအသင်းမှ ဇင်ချန်ကို ကို ယူရို(၃၅)သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် ကစားသမားသစ်(၅)ဦးအတွက် စုစုပေါင်း သုံးစွဲငွေ ယူရို(၁၃၂)သန်း ရှိသွားသည့်အတွက် ဥရောပ၏ ငွေသုံးအများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဇင်ချန်ကိုမတိုင်မီက ပေါ်တိုမှ ဗီအေရာကို ယူရို(၃၅)သန်း၊ ဆော်ပေါ်လိုမှ မာကင်ဟို့စ်ကို ယူရို(၃.၅)သန်း၊ နယူးအင်္ဂလန်ရီဗော်လူးရှင်းမှ မတ်တာနာကို  ယူရို(၆.၃)သန်း၊ မန်စီးတီးမှ ဂျေးဇူးကို ယူရို(၅၂)သန်းဖြင့် ခေါ်ယူထားခဲ့ခြင်းဖြစ်သည်။အာဆင်နယ်အသင်းသည် ဇင်ချန်ကိုကို မခေါ်ယူမီက ငွေကြေးသုံးစွဲမှုအများဆုံး စာရင်း၌ အဆင့်(၆)နေရာတွင်သာ ရှိနေခဲ့ပြီး လီဗာပူးလ်မှ မာနေနှင့် ဂျူဗင်တပ်စ်မှ ဒီလစ်တို့ကို ခေါ်ယူထားသည့် ဘိုင်ယန်မြူး နစ်အသင်းက ဦးဆောင်ခဲ့သည်။

ဇူလိုင်(၂၂)ရက်တွင် အာဆင်နယ်အသင်းက ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့သည့်အပြင် ငွေသုံးအများဆုံး (၁၀)သင်းတွင်  ပရီးမီးယားလိဂ်မှ မန်စီးတီး၊ လိဒ်စ်၊ စပါး၊ ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့လည်း ရပ်တည်လျက် ရှိသည်။ ကျန်(၄)သင်းမှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ် နှင့် ဒေါ့မွန်တို့ဖြစ်သည်။ထို့ကြောင့် ဘွန်ဒစ်လီဂါကလပ်နှစ်သင်း ပါဝင်နေသည့်အခြေအနေဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းသည် နောက်ထပ်အားဖြည့်မှုများ ထပ်မံပြုလုပ်ရန် စီစဉ်နေခြင်းကြောင့် ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ဖွယ် ရှိကြောင်းနှင့် အာဆင်နယ်အသင်းအနေဖြင့် ထိပ်ဆုံး၌ ကြာရှည်ရပ်တည်နိုင်မည်မဟုတ်ကြောင်း ထင်ကြေး ပေးမှုများလည်း ရှိနေသည်။