ဥရောပသို့ ဓာတ်ငွေ့ပေးပို့မှုလျှော့ချမယ်လို့ ရုရှားပြောကြား

ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းရဲ့ သီးနှံတွေ တင်ပို့တာကို ခွင့်ပြုဖို့ ရုရှားက သဘောတူလိုက်လို့ စီးပွားရေး ဖိအားတွေလျော့ကျလာမယ်လို့ မျှော်လင့်နေကြချိန်မှာပဲ ယူကရိန်းကို ထောက်ခံတဲ့ နိုင်ငံတွေကို ထိုးနှက်မှုအဖြစ် ဥရောပကို ဓာတ်ငွေ့ပေးပို့မှုကို လျှော့ချသွားမယ်လို့ ရုရှားက ပြောကြားပါတယ်။သီတင်းပတ်ကုန်ရက်တွေက ယူကရိန်း အိုဒက်ဆာဆိပ်ကမ်းကို ရုရှားဒုံးကျည် တိုက်ခိုက်မှု ရှိခဲ့ပေမယ့် သောကြာနေ့က သဘောတူညီချက်ရပြီးနောက် ရက်အနည်းငယ်အတွင်း ယူကရိန်း ကုန်စည်သင်္ဘောတွေ စတင်ထွက်ခွာမယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

လောင်စာဈေးနှုန်းတွေကြီးမြင့်နေတာနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ လူသန်းပေါင်းများစွာ ငတ်မွတ်မှုအန္တရာယ် ရှိနေတာကနေပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဖြစ်ပေါ်ပြီး ခြောက်လထဲဝင်ရောက်လာပြီဖြစ်တဲ့ ဥရောပရဲ့ အကြီးမားဆုံး ပဋိပက္ခက ယူကရိန်းပြင်ပထိ သက်ရောက်မှု ရှိနေတာကို ပြသနေပါတယ်။တားဆီးပိတ်ဆို့မှုတွေက ကမ္ဘာ့လောင်စာနဲ့ စွမ်းအင်ဈေးနှုန်းတွေကို အကြီးအကျယ် မြင့်တက်သွားနေနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယခုလစောစောပိုင်းက သတိပေးပြောကြားခဲ့ပါတယ်။ ဂျာမနီကို Nord Stream 1 ပိုက်လိုင်းကနေတစ်ဆင့် ပေးပို့နေတဲ့ ဓာတ်ငွေ့စီးဆင်းမှုက တစ်နေ့ကို ကုဗမီတာ ၃၃ သန်းသာရှိမယ်လို့ ရုရှားစွမ်းအင် ကုမ္ပဏီကြီး ဂတ်စ်ပရွန်က ပြောပါတယ်။ အဲဒါက လက်ရှိပေးပို့နေတဲ့ ပမာဏရဲ့ ထက်ဝက်ပဲ ရှိပါတယ်။ လက်ရှိပမာဏကလည်း မူလ ပုံမှန်ပေးပို့နေတာရဲ့ ၄၀ ရာခိုင်နှုန်းပဲ ရှိတာ ဖြစ်ပါတယ်။

 စက်တွေကို ပြင်ဆင် ထိန်းသိမ်းမှု လုပ်ရမှာကြောင့် ဓာတ်ငွေ့ပေးပို့မှု လျှော့ချတာဖြစ်ကြောင်း ရုရှား အကြောင်းပြပေမယ့် ဂျာမနီကတော့ နည်းပညာပိုင်းအရ အကြောင်းပြစရာ မရှိဘူးလို့ပြောပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ရုရှားက ဥရောပအပေါ် ဓာတ်ငွေ့စစ်ပွဲ ဆင်နွှဲနေတာဖြစ်ကြောင်း ပြောကြားပါတယ်။ဒီနှစ်ဆောင်းရာသီမှာ ရုရှားက ဥရောပကို ဓာတ်ငွေ့ပေးပို့မှု ဖြတ်တောက်သွားနိုင်တယ်လို့ ဥရောပ နိုင်ငံရေးသမားတွေက အကြိမ်ကြိမ်‌ သတိပေးခဲ့ကြပြီး အဲဒီလိုလုပ်ခဲ့ရင် ဂျာမနီ နိုင်ငံကို စီးပွားရေးကျ ကပ်ထဲရောက်သွားစေနိုင်ပါတယ်။ ဥရောပကို ဓာတ်ငွေ့လုံးဝ ဖြတ်တောက်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ မော်စကိုက ပြောကြားထားပါတယ်။ စစ်ပွဲ မတိုင်ခင်တုန်းက သူတို့လိုအပ်တဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင် နှုန်းနဲ့ ရေနံ ၃၀ ရာခိုင်နှုန်းကို ဥရောပက ရုရှားဆီက တင်သွင်းခဲ့ပါတယ်။ -Ref:Reuters