ဥရောပ အပူလှိုင်း မြောက်ပိုင်းသို့ရောက်လာ

ပြင်းထန်တဲ့ အပူလှိုင်းက မြောက်ပိုင်းကို ရွေ့လျားသွားချိန်မှာပဲ အနောက်ဥရောပမှာ ပူလောင် အိုက်စပ်တဲ့ အပူချိန်တွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်မှာ အပူချိန် အလွန်ပြင်းထန်နိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားချိန်မှာပဲ စပိန်နိုင်ငံမြောက်ပိုင်းမှာ အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယက်စ် အထိ ရောက်ရှိခဲ့ပါတယ်။

ပြင်သစ် ၊ ပေါ်တူဂီ ၊ စပိန် နဲ့ ဂရိ နိုင်ငံတွေမှာ တောမီးတွေကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံမှာ သမိုင်းတစ်လျောက် အပူပြင်းဆုံးနေ့ရက်တွေ ရောက်ရှိလာနိုင်ပြီး ပြင်သစ်တောင်ပိုင်းမှာ အပူကြောင့် ဘေးဒုက္ခတွေ ဖြစ်ပေါ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ က သတိပေးထားကြပါတယ်။ ပြင်သစ်နိုင်ငံမှာ သမိုင်းတစ်လျောက် အပူပြင်းဆုံး နေ့ရက်တွေ တွေ့ကြုံခဲ့ပြီး အနောက်ပိုင်းက နန့်စ်မြို့မှာ အပူချိန် ၄၂ ဒီဂရီ ဆဲလ်စီးယက်စ် ရောက်ရှိခဲ့တယ်လို့ အမျိုးသား မိုးလေဝသဌာန ကပြောကြားပါတယ်။

မကြာမီ ရက်တွေက တောမီးတွေကြောင့် လူပေါင်း ၃၀ ၀၀၀ နေအိမ်တွေက ထွက်ပြေးခဲ့ရပြီး သူတို့အတွက် ယာယီခိုလှုံရေး စခန်းတွေလည်း ဖွင့်ထားကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း က ခရီးသွားတွေကြား ရေပန်းစားတဲ့ ဂျီရွန်ဒီ ဒေသ က ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး မြေဟက်တာပေါင်း ၁၇၀၀၀ ကို ဝါးမြိုသွားပြီဖြစ်တဲ့ တောမီးကြီးကို ထိန်းချုပ်ဖို့ မီးသတ်တပ်ဖွဲ့တွေ က ရုန်းကန်နေရပါတယ်။

“ကျွန်တော်ခေါင်းထဲရောက်လာတာကတော့ ဒီတောမီးက မကောင်းဆိုးဝါးတစ်ကောင်လိုပါပဲ”လို့ ဂျီရွန်ဒီ ဒေသ အကြီးအကဲ ဂျင်လုခ်ဂလေရီ က ပြောကြားပါတယ်။ ဗြိတိန်မှာ အပူလှိုင်းကြောင့် ရထားခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး အပူဒဏ်ကြောင့် ပြေးလမ်း အရည်ပျော်တာတွေ ဖြစ်လို့ လေယာဉ် ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။ ဥရောပအပူလှိုင်း က မြောက်ပိုင်းကို ရွှေ့လျားနေပြီး ရှေ့လာမယ့် ရက်တွေမှာ ဘယ်လ်ဂျီယံ နဲ့ ဂျာမနီ နိုင်ငံတွေမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ် ကျော်လွန်လိမ့်မယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားကြပါတယ်။

-Ref:BBC