ကြားနေဝါဒ ကျင့်သုံးသော နို်င်ငံဖြစ်သဖြင့် ယူကရိန်းစစ်ပွဲ၌ ထိခိုက်ဒဏ်ရာရခဲ့သော လူနာများကို ဆွစ်ဇာလန် ဆေးရုံများက လက်မခံဟု ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်

ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲမှ လူနာများကို ဆွစ်ဇာလန်ဆေးရုံများတွင် ကုသပေးမည်မဟုတ်ဟု ဇူလိုင် ၁၈ ရက်တွင် ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်လိုက်ပြီး ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ ဆွစ်ဇာလန်စစ်တပ်၏ ကြားနေဝါဒကြောင့်လည်းကောင်း၊ ဒဏ်ရာရသူများထဲတွင် အရပ်သားများကို ခွဲခြားရာ၌ အခက်အခဲများ ရှိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်ဒေသအချို့သည် ယူကရိန်းမှ ဆေးဘက်ဆိုင်ရာအရ ကယ်ဆယ်လာသူများကို ကုသပေးနေသော နေတိုး၏ ယူရို-အတ္တလန်တစ် ဘေးအန္တရာယ်တု့ံပြန်ရေး ပူးပေါင်းဆောင်ရွက်မှုစင်တာက မေတ္တာရပ်ခံလာသည်ကို အပြုသဘောအားဖြင့် တု့ံပြန်ရန်လိုလားသည်ဟု The Tages Anziger သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသို့ ကယ်ဆယ်လာသူများမှာ နိုင်ငံတကာကလူများဖြစ်သည်ဟု ဆိုသည်။ ကြားနေဝါဒကျင့်သုံးနေသာ ဆွစ်ဇာလန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်ပေ။ ပြည်ထောင်စုအစိုးရသည် နိုင်ငံတကာမေတ္တာရပ်ခံမှုကို စုံစမ်းစစ်ဆေးခဲ့သည် ဆိုသော်လည်း စစ်ပွဲ၌ ဒဏ်ရာရလာသူ များကို ဆေးရုံတင်ခွင့်မပြုရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဆိုသည်။ “အထင်ကရ မေတ္တာရပ်ခံတာတွေ ရှိလာခဲ့ပြီးနောက် သက်ဆိုင်ရာဌာနတွေနဲ့ ပြည်ထောင်စုရုံးတွေက ဆွစ်ဇာလန်အနေနဲ့ ဒီကိစ္စမှာ လူနာတွေကို လက်ခံတာမျိုး လုပ်မလုပ်ဆိုတာကို ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်” ဟု ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ဆွစ်ဇာလန်အနေဖြင့် လူနာများကို ဆွစ်ဇာလန်တွင် ဆေးရုံတက်ခွင့်ပေးတာထက် မြေပြင်အခြေအနေမှာ ပိုမိုထိရောက်တဲ့ အကူအညီတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ယေဘုယျအားဖြင့် ပံ့ပိုးပေးမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့အပြင်ကြားနေရေးဥပဒေအရ အခက်အခဲများရှိနေသည်ဟု ဆိုသည်။ စစ်ပွဲမှ ဒဏ်ရာရလာသောလူနာများကို ဆေးရုံတက်ခွင့်ပြုသည့်အခါ စစ်သားလူနာ၊ အရပ်သားလူနာ ခွဲခြားရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်ဟု ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် စစ်ပွဲ၌ ဒဏ်ရာရလာသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးနေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းမြို့ကြီးများဖြစ်သော Lviv၊ ဆူမီ၊ ချာနီဟစ်တို့က အဓိကဆေးရုံများတွင်  အကြောအဆစ်ကုထုံးများအတွက် ပစ္စည်းကိရိယာများနှင့် သင်တန်းပေးခြင်းတို့ကို ပံ့ပိုးပေးထားသည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ရုရှားကျူးကျော်ပြီး ရက်ပိုင်းအတွင်းတွင် ဆွစ်ဇာလန်သည် အစဉ်အလာအရ ကြားနေဝါဒကျင့်သုံးမှုကို ဖောက်ဖျက်၍ အိမ်နီးချင်းဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ရုရှားအပေါ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်မှုအတိုင်း လိုက်လံလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၏ ကာလရှည်ရပ်တည်ချက်မှာ လက်နက်ကိုင်ကြားနေနိုင်ငံအဖြစ် ရပ်တည်ရေးဖြစ်သည်။ ဥရောပကုန်းတွင်း ပိတ်နိုင်ငံဖြစ်သော ဆွစ်ဇာလန်သည် အမျိုးသားများ စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းထား သည့် နိုင်ငံလည်းဖြစ်သည်။ Eleven