အသင်းဟောင်းနှင့် ဖာနန်ဒင်ဟို ပြန်လည်ပူးပေါင်း

ဘရာဇီးကွင်းလယ်လူ ဖာနန်ဒင်ဟိုဟာ မွေးရပ်မြေကလပ်ဖြစ်တဲ့ အသင်းဟောင်း အက်သလက်တီကို ပါရာနန်စီနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒင်ဟိုအနေနဲ့ ၉ နှစ်ကြာကစားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ ဒီနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ခဲ့တာပါ။ ဒါကြောင့် ကမ်းလှမ်းမှုတွေ အများအပြားရှိခဲ့ပေမယ့် အသင်းဟောင်းနဲ့ ပြန်လက်တွဲဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကစားသမားဘဝ ၃၈၃ ပွဲအထိကစားပြီး ၂၆ ဂိုးသွင်းယူခဲ့တဲ့ ဖာနန်ဒင်ဟိုဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၅ ကြိမ် အပါအဝင် ဆုဖလား ၁၃ လုံးအထိ ရယူနိုင်ခဲ့တာပါ။ ၁၇ နှစ်အကြာမှာ အသင်းဟောင်းဆီ တစ်ကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ဖာနန်ဒင်ဟိုအနေနဲ့ ချဲလ်ဆီးနည်းပြဟောင်း ဘရာဇီးလူမျိုး စကိုလာရီနဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။