အမျိုးသမီး ပီဂျီအေချန်ပီယံရှစ် မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် အင်ဂီးချွန် အနိုင်ရဗိုလ်စွဲပြီး တတိယမြောက် မေဂျာ အောင်မြင်မှုရရှိ

၂၀၂၂  LPGA Tour ဂေါ့ဖ်ပြိုင်ပွဲရာသီအတွက် တတိယမြောက် မေဂျာပြိုင်ပွဲဖြစ်သည့် အမျိုးသမီးပီဂျီအေ ချန်ပီယံရှစ်(KPMG Women’s PGA Championship) ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ အင်ဂီးချွန် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘဝတစ်လျှောက် တတိယမြောက် မေဂျာချန်ပီယံအောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။ ၆၇ ကြိမ်မြောက် အမျိုးသမီးပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘီသက်စ်ဒါမြို့   Congressional Country Club ဂေါ့ဖ်ကွင်း၌ ဇွန် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် အင်ဂီးချွန်သည် ပထမနေ့တွင် သတ်မှတ်ရိုက်ချက် ၇၂ ချက်ထက် ရှစ်ချက်လျော့၍ ၆၄ ချက်၊ ဒုတိယနေ့တွင် သုံးချက်လျော့၍ ၆၉ ချက် ရိုက်နိုင်ခဲ့သော်လည်း တတိယနေ့နှင့် နောက်ဆုံးနေ့တွင် သုံးချက်ပိုစီဖြစ်ကာ စုစုပေါင်း ရိုက်ချက် ၂၈၃ ချက်၊ လျှော့ရိုက်ချက်ငါးချက်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့သည်။

မင်ဂျီလီ(သြစတြေးလျ) နှင့် လက်ဆီသွမ်ဆင်(အမေရိကန်)တို့က လျှော့ရိုက်ချက်တစ်ချက်အကွာဖြင့် ပူးတွဲဒုတိယ ရရှိခဲ့သည်။ အင်ဂီးချွန်သည် ယခုပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး LPGA Tour ပြိုင်ပွဲ၌ လေးကြိမ်မြောက်နှင့် မေဂျာချန်ပီယံဆုကို သုံးကြိမ်မြောက် ဆွတ်ခူးရယူနိုင်ခဲ့သည်။

၎င်းမှာ ချန်ပီယံဆုရရှိသဖြင့် ဆုကြေး ဒေါ်လာ ၁ ဒသမ ၃၅ သန်း ရရှိမည်ဖြစ်သည်။