ဂါရက်ဘေးလ် မေဂျာလိဂ် လော့စ်အိန်ဂျလိစ်အသင်းသို့ ပြောင်းရွှေ့

ဝေးလ် တိုက်စစ်မှူး ဂါရက်ဘေးလ် က ရီးရဲလ်ကနေ ထွက်ခွာပြီးတဲ့နောက်မှာ အမေရိကန်မေဂျာလိဂ်က လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါတယ်။ ၂၀၁၃ တုန်းက အဲဒီအချိန် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ စပါးကနေ ရီးရဲလ်ကို ပြောင်းသွားခဲ့တဲ့ ဘေးလ် ၃၂ နှစ်က ဒီနွေရာသီမှာ သူ့စာချုပ်သက်တမ်း ကုန်သွားတာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ လော့စ်အိန်ဂျလိစ်ကို ရောက်မှာ ဖြစ်ပါတယ်။

 “ မကြာခင်တွေ့ဆုံကြတာပေါ့ လော့စ်အိန်ဂျလိစ်ရေ” လို့ ဘေးလ် က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ် (LAFC )ရဲ့ တရားဝင် စာမျက်နှာမှာလည်း ဘေးလ် ရေးသားတာကို ပြန်ပြီး မျှဝေထားပါတယ်။ LAFC အသင်းအင်္ကျီနဲ့ ဦးထုတ်ကို ဘေးလ် ဝတ်ဆင်ထားတဲ့ ဗီဒီယိုကိုလည်း ဘေးလ် က တင်ထားပါတယ်။ သူက ရီးရဲလ်နဲ့အတူ လာလီဂါ ဒိုင်းဆု သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား ငါးကြိမ် ၊ ကလပ်ကမ္ဘာ့ဖလားသုံးကြိမ်နဲ့ စပိန်ဖလားသုံးကြိမ် ရခဲ့ပေမယ့် မကြာခဏ ပရိသတ် လှောင်ပြောင်မှုတွေလည်း ရခဲ့ပါတယ်။