ရုရှားဂရင်းပရီ ပြေးလမ်းပြိုင်ပွဲတွင် ဘော့တတ်စ် အောင်ပွဲခံ

မာစီးဒီးစ်အသင်း ကိုယ်စားပြု ဖင်လန်ပြိုင်ကားမောင်းသမား ဘော့တတ်စ်သည် ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပပြီးစီးသွားခဲ့သည် ရုရှားဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပြီး ယခုအနိုင်ရရှိမှုမှာ ဘော့တတ်စ်အတွက် ၎င်း၏ ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဂရင်းပရီပြေးလမ်းပြိုင်ပွဲ တစ်ခုတွင် ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘော့တတ်စ်သည် ပြေးလမ်းပတ်ပေါင်း ၅၃ ခု ပါဝင်၍ ပြေးလမ်းအရှည် ၁၉၂ ဒသမ ၄၅၉ မိုင်ရှိသော ရုရှားဂရင်းပရီပြေးလမ်းကို ၁ နာရီ ၂၈ မိနစ် ၀၈ ဒသမ ၇၄၃ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နောက်တွင် ဖာရာရီအသင်း ကိုယ်စားပြု ပြိုင်ကားမောင်းသမားများ ဖြစ်ကြသော ဂျာမနီ ပြိုင်ကား မောင်းသမား ဗက်တယ်လ်နှင့် ဖင်လန်ပြိုင်ကားမောင်းသမား ရိတ်ကိုနန်တို့က ဒုတိယနှင့် တတိယအဖြစ် အစဉ်အလိုက် ဆက်လက်ရပ်တည်ခဲ့ကြသည်။

ဘော့တတ်စ်မတိုင်မီတွင် ဖော်မြူလာဝမ်းဂရင်းပရီပြေးလမ်း ပြိုင်ပွဲတစ်ခု၌ နောက်ဆုံးအနိုင်ရ ဗိုလ်စွဲခဲ့ ဖူးသည့် ဖင်လန်ပြိုင်ကားမောင်းသမားမှာ ရိတ်ကိုနန်ဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်ခန့်က ကျင်းပခဲ့သော သြစတြေးလျဂရင်းပရီ ပြေးလမ်းပြိုင်ပွဲတွင် ၎င်းက ဗိုလ်စွဲခဲ့ဖူးခြင်း ဖြစ်သည်။

ဘော့တတ်စ်သည် ရုရှားဂရင်းပရီပြိုင်ပွဲ၏ ပထမဆုံးသော ပြေးလမ်းပတ်၌ပင် ထိပ်ဆုံးနေရာက တာထွက် ခွင့်ရခဲ့သော ဗက်တယ်လ်ကို ကျော်ဖြတ်ကာ ပြိုင်ပွဲကို တောက်လျှောက် ဦးဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဘော့တတ်စ်၏ မာစီးဒီးစ် အသင်းဖော် ဗြိတိန်ပြိုင်ကားမောင်းသမား ဟာမီလ်တန်မှာမူ ရုရှားဂရင်းပရီ ပြေးလမ်းပြိုင်ပွဲ၌ စတုတ္ထဖြင့်သာ ကျေနပ်လိုက်ရသည်။

လက်ရှိတွင် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆု အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာကို ဗက်တယ်လ်က အမှတ်အသာစီးဖြင့် ပြန်လည်ထိန်းသိမ်းသွားခဲ့ပြီဖြစ်ပြီး ဦးဆောင်သူ ဗက်တယ်လ်နှင့် ဒုတိယနေရာတွင် ရပ်တည်နေသော ဟာမီလ်တန်အကြား ရမှတ်ကွာဟမှုမှာ ၁၈ မှတ် ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

# The Voice