ကွတ်ခို်င်မြို့နယ်အတွင်းရှိ စာသင်ကျောင်းခြောက်ကျောင်း သတိပေးစာများ ပေးပို့ခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းခြောက် ကျောင်း ဇွန် ၂၁ ရက်က သတိပေးစာများပေးပို့ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဇွန် ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ခြောက် ကျောင်းအား ခြိမ်းခြောက်စာများအား ပေးပို့ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမှတ် (၃) ရပ်ကွက်ရှိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ် (၆)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာမူလတန်း ကျောင်းနှင့် အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းများသို့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး တားမြစ် သတိပေးချက်ခေါင်းစဉ်ဖြင့် ခြိမ်းခြောက်စာများအား ထမင်းစားကျောင်းဆင်းချိန်တွင် ကျောင်းပြင်ပနေအိမ်သို့ ထမင်းပြန်စားသော ကျောင်းသားများမှတစ်ဆင့် ကျောင်းအုပ်ကြီးများထံသို့ ပေးပို့ဖြန့်ဝေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ခြိမ်းခြောက်စာပေးပို့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ  ဇွန် ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်၊ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးဝင်းရှိ အားကစားခန်းမ အုတ်နံရံအနီးပန်းပင်များအတွင်း၌ လက်လုပ်မိုင်း နှစ်လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ ပန်းပင်များအတွင်း အပြာရောင်ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းနှစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

source: Eleven