ရွှေတိဂုံစေတီ နိုင်ငံခြားသား ဧည့်ဝင်ကြေး ဇွန်လ ၁ ရက်ကစ၍ ၂,၀၀၀ ကျပ် တိုးကောက်မည်

ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားဧည့်ဝင်ကြေးကို ဇွန်လ ၁ ရက်ကစတင်၍ ယခင်ကောက်ခံမှုနှုန်းထား ထက် ကျပ်နှစ်ထောင် တိုးကောက်ခံမည်ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဒုတိယရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

ယခင်က နိုင်ငံခြားသား တစ်ဦးလျှင် ရှစ်ထောင်ကျပ် ကောက်ခံနေရာမှ ယခုအခါ ကျပ်တစ်သောင်းနှုန်း တိုးမြှင့် ကောက်ခံမည်ဖြစ်သည်။

၂၀၁၄ က စတင်ကာ ကန်ဒေါ်လာရှစ်ဒေါ်လာ (သို့မဟုတ်) မြန်မာငွေ ရှစ်ထောင်ကျပ် ကောက်ခံနေရာမှ ငွေကြေးပြန်အမ်းရသည့် အဆင်မပြေမှုများ အပါအ၀င် အခြားအခက်အခဲများကြောင့် တစ်သောင်းကျပ်သို့ တိုးမြှင့်ကောက်ခံရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဝင်းကြိုင်က ပြောသည်။

‘‘နိုင်ငံခြားသားအများစုက ငွေလဲလာရင် ငါးထောင်တန်၊ တစ်သောင်းတန်တွေပဲ များတယ်။ အဲဒါကြောင့် ရှစ်ထောင်ပေးတဲ့အခါမှာ ပြန်အမ်းဖို့ငွေ မလုံလောက်တာတွေ၊ ပြန်အမ်းဖို့အတွက် ၀န်ထမ်းရဲ့ လက်ဝယ်မှာ ငွေကိုင်ထားရတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ဒီဧည့်ဝင်ကြေးတွေကို ၀န်ထမ်းက လက်ဝယ်မကိုင်ထားဘဲ ပုံးထဲထည့်တဲ့စနစ်ကို ကျင့်သုံးမှာဖြစ်တဲ့အတွက် ရှစ်ထောင်ဆို ပြန်အမ်းရတာ အဆင် မပြေဘူး’’ ဟု ၎င်းက ပြောသည်။

ထို့သို့ တိုးမြှင့်ကောက်ခံရာတွင် အိမ်နီးချင်းနိုင်ငံများရှိ မြဘုရား၊ အန်ကောဝပ်၊ သီရိလင်္ကာ စွယ်တော်တိုက် စသည့်နေရာများရှိ ၀င်ကြေးများနှင့် ချိန်ညှိကာ ယင်းဝင်ကြေးများထက် မများသည့်နှုန်းထားဖြင့် တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်ဟု ဆို သည်။

ဘန်ကောက်မြို့ရှိ နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ရာ မြဘုရားတွင် နိုင်ငံခြားသား တစ်ဦးလျှင် ၀င်ကြေးငွေ ဘတ်ငါးရာ (ကျပ်နှစ် သောင်းခန့်)၊ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ် ဘုရား ကျောင်း၌ နိုင်ငံခြားသားတစ်ဦးလျှင်  ၀င်ကြေးငွေ ကန်ဒေါ်လာ ၂၀ ခန့် (ကျပ်နှစ်သောင်းခုနစ်ထောင်ခန့်) ပေးဆောင်ရကြောင်း ယင်းနေရာများသို့ သွားရောက်ခဲ့ဖူးသူများက ပြောသည်။

ရွှေတိဂုံစေတီတော်သို့ ၂၀၁၆ အတွင်း နိုင်ငံခြားသားဧည့်သည် ခြောက်သိန်းကျော်လာ ရောက်ခဲ့ပြီး ၀င်ကြေး ငွေအဖြစ် ကန်ဒေါ်လာတစ်ထောင့်ခုနစ်ရာကျော်၊ မြန်မာကျပ်ငွေ ငါးဘီလီယံခန့် ရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ စာရင်းများတွင် ဖော်ပြထားသည်။ # 7 Day