(၅၈) နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ပြည်ခိုင်ဖြိုးပါတီ တက်ရောက် လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၆) ရပ်ကွက်ပုလဲရတနာလမ်းရှိ ပိဋကသုံးပုံနိကာယ် စာသင်တိုက်တွင် ယမန်နေ့ နံနက် ၈ နာရီခန့်က နိုင်ငံတော်ဘာသာ သာသနာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်း (၅၈) နှစ်မြောက်အထိမ်း အမှတ်ကုသိုလ်ပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ရာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေး လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို သာသနာ့အလံတော် လွှင့်တင်ပူဇော်လျက် နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ရွှေရတုတိပိဋကဓရတိပိဋကကော ဝိဒဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိ ပါရဂူမော်ကျွန်း ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ ရှစ်ပါးသီလခံယူကာ အလှူရှင်များက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဆက်လက်၍ ထေရဝါဒဓမ္မ ကွန်ရက် (ဗဟို) မှ ဦးမောင်မောင် ကသာသနာရေးဆိုင်ရာအား တင်ပြ လျှောက်ထား ခဲ့သည်။ ထို့နောက် နိုင်ငံတော်ဘာသာနေ့ ဆိုင်ရာသိမှတ်ဖွယ်ရာ အကျဉ်းကို ဖတ်ကြားတင်ပြခြင်း၊ နိုင်ငံတော် ဘာသာနေ့ ကဗျာကိုရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပူဇော်လျက် ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ဒဂုံ (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ အတွင်းရေးမှူး ဦးထွန်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဋ္ဌများ၊ လူငယ် အမျိုးသမီးထု အဖွဲ့ဝင်များ၊ ထေရဝါဒဓမ္မ ကွန်ရက်အဖွဲ့ဝင်များ၊ အမျိုးဘာသာ ချစ်မြတ်နိုးသူများ စသည့်အင်အား ၂ဝဝ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။