ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အပါး ၃၇ဝ အား ဝါဆိုသင်္ကန်းဆက်ကပ် ပါတီဗဟိုအတွင်းရေးမှူးများနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တက်ရောက်

 

ရန်ကုန် ဇူလိုင် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပသော ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် (၂၆) ရပ်ကွက် ပုလဲရတနာလမ်းရှိ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်ရှိ သံဃာတော်အပါး ၃၇ဝ အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအစီအစဉ်အရ ပိဋကသုံးပုံနိကာယ် စာသင်တိုက်ရှိ သံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ တိပိဋကစာအောင် သံဃာတော် များအား ပူဇော်ခြင်းနှင့် သာသနာ့နုဂ္ဂဟ ထပ်ဆင့်ဂုဏ်ပြုခြင်း အစီအစဉ်ကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပိဋကသုံးပုံနိကာယ် စာသင်တိုက်ဦးစီးပဓာန နာယက ရွှေရတုတိ ပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသထံမှ တက်ရောက်လာသူများက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရား ရွတ်ပွားချီးမြှင့်ခဲ့ခြင်း၊ အပူဇော်ခံတိပိဋက စာအောင်သံဃာတော် အရှင်မြတ်သုံးပါး၏ ထေရုပ္ပတ္တိအကျဉ်းကို အရှင်ပညိန္ဒက ဖတ်ကြားပူဇော်ခြင်း၊ တိပိဋက စာအောင်သာသနာ့အာဇာနည် အရှင်မြတ်သုံးပါးတို့အား အောင်လက်မှတ်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်း၊ နာယကစာချဆရာတော် အရှင်မြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သာသနာ့ နုဂ္ဂဟ ဘွဲ့ရပုဂ္ဂိုလ်များအား ရွှေရတုတိပိဋကဓရ ဆရာတော်က ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ ရွှေရတုတိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသထံမှ အနုမောဒနာတရား နာကြား၍ ရေစက်ချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဦးကျော်စိုး၊ နာယက ဒေါက်တာ ခင်မောင်ထွန်းနှင့်ဇနီး၊ နာယက ဦးထွန်းလွင်နှင့် ပါတီတာဝန်ရှိသူ တို့က တက်ရောက် လှူဒါန်း ပူဇော်ခဲ့သည်။