ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရွှေပြည်တော်ဆုံမှတ်တို့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 

ပွင့်ဖြူ ဇူလိုင် ၁၆

နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ဝင်းတို့အား အမှူးထား၍ တည်ထောင် ထားသည့် ရွှေပြည်တော်ဆုံမှတ် ပရဟိတလူမှုကူညီရေး အသင်းမှ အဖွဲ့ဝင်များနှင့် ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစန်းထွန်း၊ ပါတီဝင်များ လိုက်ပါ၍ ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ရွှေလှေ ကျေးရွာအုပ်စုရွာ ထောင်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ ခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရွှေပြည်တော်ဆုံမှတ် ပရဟိတ လူမှုကူညီရေးအသင်းမှ ဦးအောင်ပိုင်မင်း နှင့် အသင်းဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးစန်းထွန်းနှင့် ပါတီဝင်များ၊ ကျေးရွာနေပြည်သူ ၁၅ဝ ခန့် က ရွာထောင်ကျေးရွာ ရွာဦး ကျောင်းဆရာတော်ဦးဇဋိလ အမှူး ပြုသော သံဃာတော် ၁၁ ပါးတို့ အား ပင့်ဖိတ်၍ ဘုရားအနေကဇာတင် လှူပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ် တရားများ နာကြားကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွာထောင်ကျေးရွာ ဘုရားငါးဆူဘုရားကြီးအနီးရှိ ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်က လည်းမုန်းချောင်း အတွင်း ဆီမီးတစ်ထောင် မီးမျှောပူဇော်ပွဲအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့် အတူ ကုသိုလ်ပြုကျင်းပခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)